နမ္မတူ အောက်တိုဘာ ၁၄
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပ ြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာပေ ဝါသနာပါသူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ “စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ အဖွဲ့ဝင် မပြည့်ပြည့်ဖြိုးက စာရေးဆရာ လယ်တွင်းသားစောချစ်၏ “အလင်းတံခါးများပွင့်ပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မဇွန်ပွင့်ဖြူက စာရေးဆရာ တိုးကိုထွေး (ပညာရေး)၏ “တစ်ခုသောကျေးလက်စာကြည့်တိုက် ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် မပိုးမဉ္ဇူက စာရေးဆရာ ပီမိုးနှင်း၏ “ဘာကြောင့်စာဖတ်သလဲ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မမိုးငယ်က စာရေးဆရာ ထက်မြက်၏ “စာဖတ်ခြင်းအကျိုး” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မကုဋေဦးက စာရေးဆရာဖေမြင့်၏ “ချစ်စရာစာကြည့်တိုက်ကလေး” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)