ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ  ၁၄

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်စေရန်နှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီး ပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)ရုံးတွင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ ဝန်ထမ်း များအား တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ကျွန်တော်တို့ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်းတွေကို အောက်တိုဘာလ(၁၃)ရက်နေ့ကနေ အောက်တိုဘာလ(၁၆)ရက်နေ့အထိ တစ်ရက်ကို လူဦးရေ (၁၀၀၀)နှုန်းနဲ့ နံနက်(၉)နာရီကနေ ညနေ(၄)နာရီအထိ လေးရက်ကြာ ထိုးနှံပေးလျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ YBS ယာဉ်လိုင်း ကုမ္ပဏီ (၁၉)ခု၊ ပုဂ္ဂလိကကြီးကြပ်(၄)ခု စုစုပေါင်း(၂၃)ခုမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးတဲ့ ဝန်ထမ်းတွေနဲ့ ယာဉ်မောင်းတွေကို အဓိကထား ထိုးနှံပေးသွားမှာလည်း ဖြစ်ပါ တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။

“အရင်ကတည်းက ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံမှာစဖြစ်ကတည်းက နှာခေါင်းစည်း (Mask) ဝေတာတို့၊ YBS ယာဉ်တွေမှာ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ပိုစတာတွေ ကပ်ပြီး အသိပညာပေးလှုပ်ရှားမှု ကမ်ပိန်းတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် ခရီးသည်တွေအနေနဲ့ နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ ဘတ်စ်ကားတွေ မစီးဖို့၊ လက်ကို လက်သန့်ဆေးရည်နဲ့ စက္ကန့်(၂၀)ကြာ ဆေးကြောဖို့၊ တတ်နိုင်သမျှ Social Distancing နဲ့ ခပ်ခွာခွာ နေပေးကြဖို့ အသိပညာပေးလျက်ရှိသလို၊ ယာဉ်မောင်းတွေကိုလည်း နှာခေါင်းစည်း(Mask) စနစ် တကျ တပ်ဆင်ပြီးမှ ယာဉ်မောင်းနှင်ကြဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ နောက်တစ်ခု ကတော့ ခရီးစဉ်တစ်ခု ပြီးဆုံးသွားတိုင်းမှာ ယာဉ်တွေကို ပိုးသတ်ဆေးဖြန်းတာတို့၊ သန့်ရှင်းရေး ပြုလုပ်တာတွေပြီးမှ ယာဉ်တွေကို ပြန်လည်ထွက်ခွာစေလျက်ရှိပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများမှ ယာဉ်မောင်း များနှင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးမှ ဝန်ထမ်းများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် လာရောက်ထိုးနှံသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)ရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ လက်ကို စနစ်တကျဆေးကြောစေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ တန်းစီးစောင့်ဆိုင်းစေခြင်း အပါအဝင် လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့လို လူအများနှင့် ပြောဆိုဆက်ဆံနေကြရတဲ့ ယာဉ်မောင်းတွေအနေနဲ့ ရောဂါကူးစက် ခံရနိုင်ခြေက ရာခိုင်နှုန်းအားဖြင့် အတော်လေးများပါတယ်။ ကျွန်တော်တို့လို YBS ခရီးသည်တင် ယာဉ်မောင်းတွေကို အခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။ ယခုလို ကာကွယ်ဆေးများကို ကြိုတင် ထိုးနှံ ထားခြင်းအားဖြင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို ယာဉ်မောင်းတွေအနေနဲ့ ကလည်း အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ဖို့အပြင် မိမိကားပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူစက် ပြန့်ပွားမှုမရှိအောင် မိမိကိုယ်တိုင်လည်း နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ဖို့ လိုသလို၊ လိုက်ပါစီးနှင်ကြတဲ့ ခရီးသည်တွေကိုလည်း နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ပြီးမှ လိုက်ပါ စီးနှင်းကြဖို့ကို အသိပညာပေးဖို့ များစွာလိုအပ်ပါတယ်” ဟု ကာကွယ်ဆေးလာရောက်ထိုးနှံသူ YBS ယာဉ်မောင်းတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ စီမံမှု လက်အောက်ရှိ YBS ကုမ္ပဏီများမှ ခရီးသည်တင်ယာဉ်များသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နေ့စဉ် YBS ယာဉ်အစီးရေ (၂၀၀၀)ခန့်ဖြင့် ခရီးသွားပြည်သူ (၂.၃)သိန်းခန့်အား ပို့ဆောင်ပေးလျက်ရှိရာ YBS ခရီးသည်တင် ယာဉ်မောင်းများအနေဖြင့် နေ့စဉ်ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူစေရေး ပို့ဆောင်ပေးနေရသောကြောင့့်် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရရန် လွယ်ကူနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဝန်ထမ်း(၃၃)ဦး၊ YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ယာဉ်မောင်း (၃၉၉၉)ဦး စုစုပေါင်း(၄၀၃၂)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)