ပျဉ်းမနား အောက်တိုဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိ သူကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်၍ ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာသာသနာ့ဗိမ္မာန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံ ပေးလျက်ရှိရာ နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများ သည်လည်းဦးစား ပေးအုပ်စုများတွင်ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက်ရှိသူကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ် ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာခြင်း များပြုလုပ်ပြီး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံပြီး သည့် ကျောင်းသား၊ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း နှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ပထမအဆင့်ဦးစားပေး ထိုးနှံပေးလျက် ရှိပြီး ဒုတိယအဆင့်အနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပရဟိတစာသင် ကျောင်းများရှိ ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိကြောင်း ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်းထံမှ သိရ သည်။
ဇော်ဖြိုး(ပြန်/ဆက်)