မိုးကောင်းမြို့နယ် ကိုဗစ်ကပ်ရောဂါဖြစ်ပွါးနေသည့်ကာလအတွင်း ကွယ်လွန်သွားကြသူများအား ရည်စူး၍ ကုသိုလ်ကောင်းမှုအစုစုတို့အား အမျှပေးဝေ

မိုးကောင်း၊ အောက်တိုဘာ  ၁၄

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွါးနေသည့်ကာလ အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ကူးစက်ရောဂါနှင့် ၉၆ ပါး ရောဂါတို့ဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ကြသူများအား ရည်စူး၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးမှူးပြုလုပ်သော ကုသိုလ်ကောင်းမှုအစုစုတို့အား အမျှပေးဝေခြင်း အခမ်းအနားကို အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီတွင် အေးငြိမ်းရာရင်ပြင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြတ်စွာဘုရားအမှူးပြုသော ဆရာတော်အရှင်သူမြတ်တို့နှင့် ပင့်သံဃာ ၁၄ ပါးတို့အား အမှူးထား၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းဝင်များ၊ ဘဝတပါးသို့ ကူးပြောင်းသွားကွယ်လွန် သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် မိတ်ဆွေသင်္ဂဟအပေါင်းတို့မှ ပူးပေါင်းပါဝင်လှူဒါန်း အမျှပေးဝေနိုင်ရန် မေတ္တာရှေ့ထားတက်ရောက် ကြသည်။

နမောတဿ သုံးကြိမ်ရွတ်ဆို အခမ်းအနားကိုဖွင့်လှစ်၍ ဧည့်ပရိတ်သတ်များက မဟသမယ ဆရာတော်ဘုရားကြီးထံ ငါးပါးသီလခံယူ တည်ဆောက်ကြပြီး ဆရာတော်ဘုရားတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈယ်မူသော ပရိတ်တရားတော်ကို နာယူကြပြီး လေးမိုင်ဆရာတော်ဘုရားကြီးမှ ဩဝါဒအနု မောဒနာ ချီးမြှင့်တော်မူခဲ့သည်။

ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ခဲ့ ကြောင်း သိရသည်။

 

သန်းလွင်ဦး