မိုင်းဆတ်မြို့၌ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန်လျာထား

မိုင်းဆတ် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်လျက်ရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် အခြေခံပညာအထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း (၂၄) ကျောင်းမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၉၃၂) ဦး လျာထားကြောင်း သိရသည်။

အဆိုပါ အသက် (၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေချောမွေ့စေရန်အတွက် သက်ဆိုင်ရာ အခြေခံပညာ ကျောင်း(၁၆)ကျောင်းအား ကာကွယ်ဆေးထိုးစုရပ်အဖြစ် သတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုပြီးစီးပါက ကျောင်းများပြန်လည်ဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာပညာသင်ကြားနိုင်ရန် လိုအပ်သည့် သန့်ရှင်းရေးဆောင်ရွက်မှုများ ကြိုတင် ပြဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းထံမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)