သင်္ဃန်းကျွန်း အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိရာ ယမန်နေ့၊ ညနေ ၅ နာရီအချိန်တွင်လည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ ဒေါ်စန်းစန်းမြင့်၏ ရင်တွင်းစကားသံများကိုလည်း သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရသည် -
ဒေါ်စန်းစန်းမြင့်
စျေးရောင်း၊ အသက်- ၅၁ နှစ်
သင်္ဃန်းကျွန်းမြို့နယ်
မေး။ မင်္ဂလာပါ အစ်မရေ အစ်မအမည်လေးနှင့် နေရပ်လိပ်စာလေး သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်မနာမည်ကတော့ ဒေါ်စန်းစန်းမြင့်ပါ ကျွန်မက လေးထောင့်ကန် ရပ်ကွက် ရိပ်သာလမ်းမှာ နေပါတယ်။
မေး။ အစ်မ ကိုဗစ်-၁၉ ရောဂါ စတင်ခံစားနေရပြီလို့ သိသိချင်း ဘယ်လို ပြုမှုနေထိုင်ခဲ့သလည်းရှင့်။
ဖြေ။ ကျွန်မက ၇လပိုင်း ၉ရက်နေ့ အချိန်မှာ စတင်ဖျားတယ် စဖျားတဲ့ အချိန်မှာကတည်းက ဒီရောဂါ ကျွန်မကိုယ် ကူးစက်ခံရပြီလို့ သံသယစတင်ဝင်တာပေါ့ အဲ့အချိန်မှာကတည်းက မိသားစုဝင်တွေနှင့် ခွဲပြီးနေထိုင်တာပေါ့ အိမ်ကမိသားစုတွေနှင့် သီးခြားနေထိုင်တယ် အစားအသောက်ကအစ အသုံးအဆောင်ပစ္စည်းတွေ အဆုံး သီးသန့်ခွဲခြား သုံးစွဲခဲ့တယ်။
မေး။ ရောဂါကူးစက်ခံရပြီလို့ သိသိချင်း ဘယ်လိုစိတ်ခံစားမှုမျိုး ခံစားရသလည်း ဒီရောဂါကိုရော ဘယ်လိုကျော်ဖြတ်ခဲ့ရသလည်းဆိုတာ သိချင်ပါတယ်ရှင့်။
ဖြေ။ ကျွန်မ ရောဂါကူးစက်ခံရပြီလို့သိရှိရပြီးနောက် ခံစားရတယ် ကြောက်စိတ်လည်း ဝင်လာတာပေါ့ ငါလည်းသူများတွေလို့ ရောဂါပြင်းထန်စွာ ခံစားနေရမလားဆိုပြီး အားငယ်တယ် ဒါပေမယ့်လည်း ဒီရောဂါကို တိုက်ထုတ်ပစ်မယ်ဆိုပြီး အားတင်းပြီး ဆေးကုသမှုခံယူခဲ့တာပေါ့။
မေး။ ရောဂါကူးစက်ခံရပြီလို့ သိရကတည်းက ဘယ်လိုမျိုး ကုသမှုခံယူခဲ့သလည်း ဆိုတာရော သိချင်ပါတယ်ရှင့်။
ဖြေ။ ရောဂါကူးစက်ခံရပြီလို့ သံသယ စရှိကတည်းက သုဝဏ္ဏ ကုသရေးစင်တာမှာ ဆေးကုသမှု ခံယူနိုင်အောင် မြို့နယ်ဆရာဝန်ကြီးတွေနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးပါတယ် ကုသမှုခံယူနေ အတွင်းမှာလည်း ကျွန်မတို့ကိုယ် ဆေးကုသပေးနေသော ကျန်းမာရေး ဝန်ထမ်းတွေရယ် အဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေက အစစအရာရာ ဂရုစိုက်ပေးပါတယ်။
မေး။ ဘယ်လိုအရာမျိုးတွေက မိမိကိုယ်ခွန်းအားဖြစ်စေခဲ့သလည်း ဘယ်လိုကြိုးစား ကျော်ဖြတ်ခဲ့ရပါသလဲရှင့်။
ဖြေ။ ကျွန်မ ကုသရေးစင်တာအတွင်း ကုသမှုခံယူနေစဉ် ကျွန်မထက်ဆိုးတယ့် ရောဂါဝေဒနာရှင်တွေကို မြင်ပြီး ဪ ငါသူတို့လောက် မဆိုးသေးပါလားဆိုပြီး အားတင်းရင်း ရှေ့ဆက်ခဲ့တယ် ဒီလိုနှင့်ရောဂါ ပြန်လည်သက်သာလာချိန်မှာလည်း ကျန်းမာရေးဌာန၏ ပြောပြချက်တွေနှင့်အညီ အစားအသောက် အနေအထိုင်ကအစ အစစအရာရာ အားတင်းပြီး ပြုမှုနေထိုင်ခဲ့ပါတယ်။
မေး။ ယခုလက်ရှိကာကွယ်ဆေး ထိုးပေးနေမှုကိုယ်ရော ကာကွယ်ဆေး လာရောက်ထိုးနှံဖို့ မည်သို့တိုက်တွန်း ပြောကြားချင်ပါသလဲ၊ ဖြည့်စွက်ပြောကြား ချင်တာလေးများရှိရင် သိပါရစေရှင့်။
ဖြေ။ ယခုလက်ရှိထိုးပေးနေသော ရောဂါကာကွယ်ဆေးတွေကို အများပြည်သူအနေဖြင့် သွားရောက် ထိုးနှံသင့်ပါတယ် ကာကွယ်ဆေးထိုးထားသူနှင့် မထိုးထားသူ ရောဂါကူးစက်ခံရပြီးဆိုရင် ကာကွယ်ဆေးထိုးထားသူအနေနှင့်က အောက်ဆီဂျင်ကျတာမျိုးတွေ ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရတာမျိုးတွေ မဖြစ်ပေါ်ဘူး အဲ့ဒါကြောင့်လည်း ပြန်လည် သက်သာလာနိုင်တာ ဖြစ်တယ် ဒါကြောင့် ယခုထိုးပေးနေသည့် ရောဂါကာကွယ်ဆေးများကိုလည်း မိဘပြည်သူများ ထိုးနှံကြပါလို့ ပြောကြားချင်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်
စန္ဒာမိုး(ပြန်/ဆက်)