ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမား များအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ဒုတိယအကြိမ် (တတိယနေ့) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ်(သမ္ဗာန်)မောင်းသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဈေးရောင်းချသူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များရှိ အလုပ်သမားများကို အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ (တတိယနေ့)တွင် လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ရောင်းချသူများ၊ စက်မှုလက်မှု အလုပ်သမားများ ပါဝင်သည့် ၂၈၆ ဦးကို မြို့နယ် ကျန်းမာရေး ဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး၊ ကာကွယ် ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)