ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ တက်ရောက်

ကျိုင်းတုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အတွင်း ဒေသခံတိုင်းရင်းသားများအား  ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်က မြို့နယ်စည်ပင်သာယာခန်းမတွင်ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်  တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်းကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်၍ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဝင်ဘာလ ၃ ရက်အထိ ၁၈ လ ကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားပြီး  ဒေသခံတိုင်းရင်းသား များအား အိမ်ထောင်စုလူဦးရေ စာရင်း ၈၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၇၂၂ ကတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သော ကျိုင်းတုံမြို့ ကျက်သရေဆောင် မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်၊ ရွှေထီးတော်သစ် တင်လှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရှင်းလင်းလျှောက်ထားခြင်းအခမ်းအနားသို့ ရောက်ရှိရာ ဝစီပိတ်ဆရာတော်ထံမှ ဩဝါဒခံယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ရွှေထီးတော်သစ်တင်လှူပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် မဟာမြတ်မုနိဘုရား နှစ်(၁၀၀)ပြည့် ရွှေထီးတော်သစ်တင်လှူပူဇော်နိုင်ရေး လုပ်ငန်းကော်မတီများက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းလျှောက်ထားရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းညွှန်ဆွေးနွေးပြီး တင်ပြလျှောက်ထားချက် များအပေါ် ဝစီပိတ် ဆရာတော်ဘုရားက သုံးသပ်ဩဝါဒ ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဝစီပိတ်ဆရာတော်ဘုရားထံ ငွေကျပ် သိန်း ၅၀ ဆက်ကပ်လှူဒါန်းပြီး မဟာမြတ်မုနိဘုရား ရွှေထီးတော်သစ်တင်လှူပွဲအတွက် ဝစီပိတ်ဆရာတော် ဘုရားမှ ငွေကျပ် သိန်း ၅၀၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိစစ်သည်များမှ ငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)