ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဒလ-တွံတေး ကားလမ်းမကြီးဘေးရှိ မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် မြို့လယ်ကောင် နာရီစင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းအောင် နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်စေရန် အသက် ၁၂ နှစ်နှင့် အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြပြီး၊ လမ်းသွား လမ်းလာ မိဘပြည်သူများနှင့် ကလေး၊ လူငယ်လူရွယ်များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(IPRD)