ကျေးသီးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန်အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း

ကျေးသီး  အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက်ကျောင်းသား/သူ မ်ားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့်တွေ့ဆုံမေးမြန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မေး။  ။ဆရာကြီးရဲ့နာမည်နဲ့ရာထူးတွေကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။ ။ ကျွန်တော့်ကတော့ ကျေးသီးမြို့နယ်ပညာရေးမှူး၊ဦးသောင်းနိုင်ပဲဖြစ်ပါတယ်။

မေး။ ။ဆရာကြီးတို့ရဲ့အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်နဲ့ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးဖို့ စီစဉ် နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံပေးဖို့ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေတွေကို သိချင်ပါတယ်ရှင့်။

ဖြေ။ ။ အသက်(၁၂)နှစ်အထက် အလယ်တန်း၊အထက်တန်း ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျေးသီးမြို့နယ်အတွင်းရှိအလယ်တန်း၊ အထက်တန်း သင်ကျောင်းများအား စက်တင်ဘာ (၃၀)ရက် နေ့က အသိပေးထားပြီးဖြစ်ပါတယ်။ အသက်(၁၂)နှစ်ပြည့် ကျောင်းသား/သူ စာရင်းများကိုလည်းကျောင်းအလိုက် အမည်စာရင်းပြုစုထားပြီးဖြစ်ပါတယ်။

မေး။ ။ကာကွယ်ဆေးထိုးနှံပေးမည့်စုရပ်နေရာ အသိပေးချက်တွေကိုဘယ်လို ဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။ ။အလယ်တန်း၊အထက်တန်းဆင့် သင်ကျောင်း ဦးရေ(၃၃)ကျောင်းရှိပါတယ်။ စုရပ်အဖြစ် သင့်လျော်တဲ့ကျောင်း၊ ဆက်သွယ်သွားလာလို့အဆင်ပြေမည့် ကျောင်းနေရာ(၁၀)နေရာ လျာထားဆောင်ရွက်ထားပါတယ်။ ကျောင်းသား/သူ များကို စုရပ်နေရာမှာကာကွယ်ဆေးထိုးနှံဖို့ အတွက် ဆရာ/ဆရာမများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသအာဏာပိုင်များမှတစ်ဆင့် ကျောင်းသား မိဘပြည်သူများသို့ ဆက်လက်အသိပေးဆောင်ရွက်လျက် ရှိပါတယ်။

မေး။ ။ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ အတွက် ဆရာကြီးတို့အနေနဲ့ ဆောင်ရွက် ထားရှိမှုတွေကို သိချင်ပါတယ်ရှင့်။

ဖြေ။ ။ ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်များမှ စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်။

မေး။ ။ကျောင်းတွေဖွင့်တဲ့အခါမှာ ဆရာ/ဆရာမတွေ အားလုံးမှာကော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံထားပြီးပါသလားရှင့်။

ဖြေ။ ။ ဆရာ/ဆရာမတွေ အားလုံးနီးပါးတော့ ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ နို့တိုက်မိခင်နှင့်ကိုယ်ဝန်ဆောင်မိခင်တွေ၊ ရောဂါအခံရှိတဲ့သူတွေ အနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်။

မေး။ ။အသက်(၁၂)နှစ် အထက်ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာမှာ အဆင်ပြေစွာ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းကိုလည်း သိပါရစေရှင့်။

ဖြေ။ ။အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား/သူ များကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေစွာ ဆောင်ရွက်နိုင် ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့်မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းပါဝင်သော မြို့နယ်ကြီးကြပ်မှုကော်မတီဖွဲ့စည်း ဆောင်ရွက်ထားပါတယ်။

မေး။ ။ကာကွယ်ဆေးထိုးရမည့်ကျောင်းသား/သူအရေအတွက်၊ ထိုးနှံပေးမည့်ဆေး အမျိုးအစားကို ပြောပေးပါဦးရှင့်။

ဖြေ။ ။ကာကွယ်ဆေးထိုးရမည့်ကျောင်း သား/သူ ဦးရေလျာထားချက် (၁၂၈၉)ဦး ရှိပါတယ်။ (Sinovac)ကာကွယ်ဆေးအမျိုးအစားလို့သိရပါတယ်။

မေး။ ။ကျောင်းသား/သူ များကာကွယ် ဆေးထိုးထားခြင်းဖြင့် ဘယ်လိုအကျိုး ကျေးဇူးတွေ ရနိုင်ပါသလဲရှင့်။

ဖြေ။ ။ကျောင်းသား/သူ များ ကာကွယ်ဆေးထိုးထားခြင်းအားဖြင့် ကလေးများ ၏ပညာသင်ယူမှု အခွင့်အလှမ်းများရရှိလာစေခြင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွား/သေဆုံးမှုကို လျော့ချနိုင်ခြင်း၊ ကျောင်းသား/သူ များမှတဆင့် မိသားစု နှင့်ပတ်ဝန်းကျင် သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်ပါတယ်။

မေး။ ။ ဆရာကြီးအနေနဲ့ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ ကျွန်တော့်ကတော့  ကျောင်းသား/သူ မိဘများအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး လုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့ ပြောကြားလိုပါတယ်။

တွေ့ဆုံမေးမြန်းသူ-ဒေါ် နန်းမွမ်းဆိုင်(ပြန်/ဆက်)

သတင်းဓာတ်ပုံ -ဒေါ် သဲစုပိုင်(ပြန်/ဆက်)