သီပေါ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေး အကြံပြုပေးကြပါရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကအသက် (၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးနေမှုများနှင့် အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးတို့နှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ ယာယီပျံကျဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူးမှ အသက် (၁၂)အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)