ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းများ ဆောင်ရွက်

ဥတ္တရသီရိ အောက်တိုဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံလျက်ရှိသည့် ကျောင်းသား၊ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း များကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ က ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့၊ ကျောင်းနေအရွယ် ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် ဒေသတွင်းနိုင်ငံများ၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြဿနာများ စသည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်ဖြန့်ဝေဖြင်းနှင့် အလယ်တန်း နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် မိဘ/အုပ်ထိန်းသူများထံမှ သဘောတူခွင့်ပြုချက် ရယူနိုင်ရေး ကြိုတင်အသိပေးလိုသည့် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးမည့် အခြေခံပညာကျောင်းပေါင်း (၂၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း(၁)ကျောင်း၊ စုစုပေါင်း(၃၄) ကျောင်း မှ  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၁၄၄)ဦး ကိုကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ(၃၀၀)ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)