မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မိုင်းလုံ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များသို့ သွားရောက်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။             

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းလုံမြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ် နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် ၊နှာခေါင်းစည်း (Mask) မတပ်ဆင်  ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြော ခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊   အပြင်မှပြန်လာပြီးတိုင်း နှာခေါင်းစည်း (Mask) များကို  စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး  ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် လိုက်နာရမည့် အချက်များကို နှိုးဆော်ဆောင်ရွက် ပေးလျက်ရှိသည်။

မိုင်းလုံမြို့တွင် (၁၈-၇-၂၀၂၁)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ရာ ကျန်းမာရေး ပြန်ကောင်းလာ၍ ဆေးရုံဆင်းခွင့်ရသူ(၁၈၂)ဦး၊ ဆေးကုသမှုခံယူသူ (၂၄) ဦး၊ သေဆုံးသူ(၃) စုစုပေါင်း(၂၀၉)ဦးရှိကြောင်း မိုင်းလုံတိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဇော်ဇော်(ပြန်/ဆက်)