ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အောက်ဆီဂျင်စက်ရုံမှ လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးများ ထုတ်ပေးလျက်ရှိ

နမ့်ဆန် အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် မိဘပြည်သူများ အဆင်ပြေစေရေးအတွက် ပြည်သူ့ဆေးရုံတွင် တည်ဆောက်တပ်ဆင်လျက်ရှိသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant)စက်ရုံ တည်ဆောက် ပြီးစီးပြီဖြစ်၍ အောက်တိုဘာ ၂ ရက်နေ့မှစပြီး အောက်ဆီဂျင် ၄၀ လီတာဝင် (၄၀)အိုးထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်မြို့နယ်တွင်  လတ်တလောဖြစ်ပွားနေသော ကိုဗစ်၁၉ရောဂါ လူနာများနှင့် အောက်ဆီဂျင် လိုအပ်နေသူများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး (၂၀)လီတာ ဝင်အိုး အလုံး(၂၀) ကိုလည်း  ထုတ်လုပ်ပေးလျက်ရှိရာ လိုအပ်သည့်ရပ်ကွက်/ကျေးရွာများသို့ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် နမ့်ဆန်အောက်စီဂျင်စေတနာလုပ်အားရှင် လူငယ်များ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

လူမှုကူညီရေးအသင်းများနှင့် လိုအပ်နေသူများကိုလည်း အခမဲ့ဖြည့်သွင်းပေးလျက်ရှိကြောင်း၊ အလှူရှင်များမှလည်း အောက်ဆီဂျင်စက်ရုံ ရေရှည်တည်တံ့နိုင်ရန်အတွက်အလှူငွေများကို ကြီးကြပ်မှုကော်မတီ ထံသို့ ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

နန်းဆိုင်(ပလောင်ဒေသ)