ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (ဒုတိယအသုတ်) ဒုတိယအကြိမ် ထပ်မံထိုးနှံပေး

ကျိုက်ထို အောက်တိုဘာ ၁၄

ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ မပြန့်ပွားစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ခွန်မောင်အိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပါင်းပါဝင်သော အဖွဲ့များမှ ကိုဗစ်-၁၉ ကာကွယ်ဆေးအား  (ဒုတိယအသုတ်) ဒုတိယအကြိမ် ထိုးနှံမှုကို ယမန်နေ့ နံနက် နာရီတွင် ကာကွယ်ဆေး ထိုးနှံရာ စုရပ်များဖြစ်သော မြို့နယ်ခန်းမ၊ ကျူချောင် ကျေးရွာ၊ ဘိုရားကြီးကျေးရွာ၊ ကျိုက္ကသာ ကျေးရွာ၊ စစ်တောင်း ကျေးရွာ၊ သိမ်ဇရပ်မြို့၊ ကင်မွန်ချောင်း ကျေးရွာတို့တွင် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာများသို့ စေတနာ့ ပရဟိတဝန်ထမ်းများ ဘုန်းကြီး/ သီလရှင် ကျောင်းနှင့် သာသနာ့ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများ ပုဂ္ဂလိက စက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ ပို့ဆောင်ရေးနှင့် နိုင်ငံတကာ ဝင်/ထွက် ပေါက်များတွင် တာဝန်ယူထားသော လုပ်ငန်းများမှ ဝန်ထမ်းများ အခြားလုပ်ငန်း လုပ်ကိုင်သူများ၊  စားသောက်ကုန်ပစ္စည်း ရောင်းချသူများ လက်ဘက်ရည်ဆိုင် စားသောက် ဆိုင်များမှ ဝန်ထမ်းများ မှီခိုသူမသန်စွမ်းသူများနှင့် နာတာရှည် ရောဂါရှိသူများ လာရောက် ထိုးနှံကြသည်။

အဆိုပါ ကာကွယ်ဆေးကို ဒုတိယအသုတ် (ပထမ)အကြိမ်အဖြစ် စက်တင်ဘာ (၁၅) ရက်နေ့မှ အောက်တိုဘာ(၁၀)ရက်ထိ ပြည်သူ(၃၇၅၀၅)ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)