ရပ်စောက်မြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက်ခံရခြင်းရှိမရှိ အခမဲ့ကွင်းဆင်း စစ်ဆေး

ရပ်စောက်      အောက်တိုဘာ  ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်း ရှိမရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခြင်းကို အောက်တိုဘာ ၁၃ ရက်နေ့က ဗထူးတပ်နယ်ဈေး၌  တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များများနှင့် စေတနာ့ဝန်ထမ်းများက ပြည်သူများအား RDT Test Kitဖြင့် တပ်နယ်ဈေးအတွင်း ဈေးရောင်းချသူများနှင့် ဒေသခံပြည်သူ(၅၁၃)ဦးအား စစ်ဆေးပေးခဲ့ရာ (၃၁)ဦး ပိုးတွေ့ရှိကြောင်းသိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ကုသဆောင်သို့ ပို့ဆောင်ကုသပေးလျက်ရှိပြီး ကျန်ရှိနေသောရပ်ကွက်/ကျေးရွာများကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ရပ်စောက်မြို့နယ်တွင် အောက်တိုဘာ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ အတည်ပြု လူနာစုစုပေါင်း (၂၅၅၄)ဦး၊ ပိုးကင်းစင်သူစုစုပေါင်း (၁၉၉၅)ဦး၊ သေဆုံးလူနာစုစုပေါင်း (၄၁)ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိသူစုစုပေါင်း (၅၁၈)ဦး ရှိကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)