တောင်ကြီး အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်များသည် ယမန်နေ့ညနေ့(၃)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလွေအုပ်စုတွင် တောင်သူ ဦးအိုက်ယန်း စိုက်ပျိုးထားသည့်လယ်ကွင်း၌ သဘာဝမြေသြဇာ (အီးအမ်ဘိုကာရှီ) မြေဆွေးပုံပြုလုပ်ခြင်း ကွင်းလက်တွေ့သရုပ်ပြနေမှုအား ကြည့်ရှု့အားပေး ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် မိုင်းခတ်မြို့နယ်ရှိ မိုင်နှုန်းနှီးဘုရားအားသွားရောက် ဖူးမျှော်ကြပြီး ကျောင်းထိုင်ဆရာတော်အား နဝကမ အလှူငွေနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူပေးကြပြီး မိုင်းခတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာခန်းမ၌ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ မြိူ့မိ၊ မြို့ဖ များနှင့် တွေ့ဆုံကြောင်း သိရသည်။
ထိုသို့တွေ့ဆုံမှုတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်၏ လမ်းညွှန်ချက်အတိုင်း သတ်မှတ်ထားသည့် အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးပေးကြရန် ပြောကြားလိုကြောင်း၊ မကြာမီကာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် တော့မည် ဖြစ်ကြောင်း၊ ကျောင်းများပြန်လည်ဖွင့်ပါက အသက်(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူများအား စတင်ထိုးနိုင်ရန်နိုင်ငံတော်က စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် မြိူ့မိ၊ မြိုဖများက ကလေးမိဘများ နားလည်အောင် ပြောပြစေ လိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မိုင်းခတ်မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်၍လည်းကောင်း၊ တြိဂံဒေသတိုင်းစစ် ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်မျိုးမင်းထွန်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများက ဒေသ လိုအပ်ချက်များ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက တင်ပြဆွေးနွေးချက်အပေါ် ဖြည့်စွက် ပြောကြား၍ နိဂုံးချုပ်စကားပြောကြား ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)