ကျောက်ဆည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်ပါဝင်မှု လျှော့ကျပြီး ဘေးကင်း သော စားသုံးသီးနှံများ ရရှိစေရန်အတွက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ဦးဆောင်မှုဖြင့် စပါးစိုက်ခင်းများတွင် ဥကပ်ပါးနဂျီလွှတ်ခြင်း သရုပ်ပြပွဲများပြုလုပ်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မြစ်သားမြို့နယ်၊ သီလင်နည်းပညာပေး စင်တာအတွင်းရှိ ကံသာကျေးရွာ၊ ကွင်းအမှတ်(၄၆၆)၊ တောင်သူ ဦးကျော်ဝင်း စိုက်ပျိုးထားသော ဧရာမင်းမိုးစပါး (၁၀) ဧကတွင် ဥကပ်ပါးနဂျီလွှတ်ခြင်း သရုပ်ပြပွဲ ပြုလုပ်ခဲ့ရာ စပါးစိုက်တောင်သူ (၂၂) ဦး လာရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
ဥကပ်ပါးနဂျီလွှတ်ပေးခြင်းဖြင့် စပါးခင်းများတွင် ကျရောက်တတ်သည့် လိပ်ပြာပိုးဖလံမျိုးရင်းဝင် ဖျက်ပိုးများ အကောင်ဘဝ မရောက်ဘဲ ဥအဆင့်တွင် ကာကွယ်နိုင်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှု လျော့ချ နိုင်ခြင်း၊ အကျိုးပြုအင်းဆက်များ ထိခိုက်မှုမရှိနိုင်၍ အကျိုးပြုအင်းဆက်ပိုးများ တိုးပွားလာခြင်း၊ ပတ်ဝန်းကျင်သဘာဝ ဂေဟစနစ် မျှတမှုရှိခြင်း၊ ပတ်ဝန်းကျင်ရှိ လူနှင့်တိရိစ္ဆာန် အဆိပ်သင့်မှု၊ ညစ်ညမ်းမှုတို့ကို လျှော့ကျစေခြင်း၊ သီးနှံများ ရေရှည်ဖြစ်ထွန်းအောင်မြင်ပြီး သွင်းအားစု ကုန်ကျစရိတ် သက်သာ ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြသည်။
ကျောက်ဆည်ခရိုင်တွင် မျိုးကောင်း၊ မျိုးသန့်စပါးများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ခုနှစ် မျိုးစေ့ထုတ် စပါးစိုက်ခင်း များကို မြို့နယ်အလိုက် စိုက်ပျိုးထားရှိရာ ကျောက်ဆည်မြို့နယ် တွင် ဧရာမင်းစပါး (၂၈၄) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ဧရာမင်း စပါး(၄၇၂)ဧက၊ မြစ်သားမြို့နယ်တွင် ဧရာမင်းစပါး(၅၈၂)ဧက မနောသုခ(၁၃၇)ဧက၊ ဆင်းသုခစပါး (၈၅.၅၀)ဧက၊ ပေါ်ဆန်းရင် စပါး(၇၂) ဧက၊ ပေါ်ဆန်းဘေးကြားစပါး (၁၀)ဧက၊ တံတားဦးမြို့နယ်တွင် ဧရာမင်း (၆၅)ဧက၊ မနောသုခ(၁၇၀)ဧကနှင့် ဆင်းသုခ စပါး (၁၅) ဧက စိုက်ပျိုးထားကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)