ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရန်ကင်း  အောက်တိုဘာ ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် (၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်နှင့် တွေ့ဆုံမေးမြန်းခြင်းကို ဖော်ပြပေးလိုက်ပါတယ်ရှင်-

မေး။ ဆရာမကြီးတို့ ရန်ကင်းမြို့ပေါ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ် ဖြင့် အသက် (၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတာ သိရတဲ့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေး သိချင်ပါတယ်ရှင်။

ဖြေ။ ရန်ကင်း မြို့နယ်အတွင်းရှိ "အသက် ၁၂ နှစ်နှင့်အထက် အထက်တန်းအလယ်တန်း ကလေးများကို ကာကွယ်ဆေးထိုးဖို့ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမများနှင့် ညှိနှိုင်းပြီး စီမံချက်တစ်ခု ရေးဆွဲခဲ့ပါတယ်။ ညွှန်ကြားချက်များနှင့်အညီ   ကာကွယ်ဆေးထိုးနှံနိုင်ရန် အတွက် အထက(၁)နှင့် အထက(၂) တို့မှာ စင်တာ (၂)ခု ဖွင့်လှစ်ပြီး သတ်မှတ်ထားသည့် ကိုဗစ်- ၁၉ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး။ ကာကွယ်ဆေးထိုးနှံနိုင်မည့် ကျောင်းသား၊ ကျောင်းသူ စာရင်းကောက်ယူထားရှိမှု အခြေအနေလေး သိချင်ပါတယ်ရှင်။

ဖြေ။ ပြီးခဲ့တဲ့ အပတ်ကတည်းက ညွှန်ကြားချက်အရ အထက်တန်းနှင့်အလယ်တန်း ၁၂ နှစ်နှင့် အထက်ဆိုတော့ ပုံသေအပ်တဲ့ ကလေးစာရင်းကို ယူပြီးစာရင်း ပြုစုထားပါတယ်၊ ပြုစုထားတဲ့ စာရင်း အရ ၁၂နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူ (၁၀၇၈)ဦး ရှိပါတယ်၊ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းနဲ့ အ.လ.ကခွဲကျောင်းတွေ ပါပါတယ်။

မေး။ ကျောင်းသားကျောင်းသူ ကလေးငယ်များ ကာကွယ်ဆေးထိုးရာတွင်လည်း စနစ်တကျရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း သိချင်ပါတယ်ရှင်။

ဖြေ။ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံရာတွင်လည်း စနစ်တကျ ရှိစေရေးအတွက် အတန်းပိုင် ဆရာမများက  ကလေးမိဘများကိုယ် ကြိုတင်အသိပေးတယ်၊ မိဘတွေအနေနဲ့ လည်းမိမိတို့ ကလေးကာကွယ်ဆေး ထိုးချင်တဲ့ဆန္ဒရှိမရှိဆိုတဲ့ စာရင်းကောက်ပြီးတော့ မှတ်တမ်း ယူထားပါတယ်၊ မထိုးချင်တဲ့ကလေး၊ ထိုးချင်တဲ့ကလေး စာရင်းအတိအကျ လုပ်ထားပါတယ်၊ ဗီနိုင်းတွေလည်း လုပ်ထားပြီး လမ်းဆုံ လမ်းခွတွေမှာလည်း ကြေညာကပ်ထားဖို့တွေလည်း စီစဉ်ဆောင်ရွက်ထားပါတယ်။ ကြော်ငြာဘုတ်တွေထောင်ဖို့ အတွက်လည်း အကုန်လုပ်ထားပြီး ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် စင်တာများမှာလည်း ဂျူတီတွေမှာ ကျောင်းအုပ်ကြီးတွေနဲ့မျှပြီး ချထားပေးပါတယ်။ မိမိတို့ကလေးငယ်များ ကာကွယ် ဆေးထိုးနှံနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထားရှိပြီး ကာကွယ်ဆေး ထိုးနှံရာတွင်  စနစ်တကျ ရှိစေရန်အတွက်လည်း သက်ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းထားပါတယ်။

မေး။  ကာကွယ်ဆေးထိုးဖို့အတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေလေး သိချင်ပါတယ်ရှင်။

ဖြေ။ ကာကွယ်ဆေးထိုးနှံဖို့အတွက်ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ နှင့်အညီ ကျောင်းအဝင်ကအစ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည်ဘူးများ ထားရှိပြီး တစ်ဦးနှင့်တစ်ဦး ၆ပေ ခြား၍ ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားပါတယ်။ ကလေးတွေ လာတာနဲ့ ဆရာမကြီး တို့က မိဘခံဝန်ကတိ လက်မှတ်ထိုးထားတယ်၊ စည်းကမ်းချက်လေးတွေ ချမှတ်ထားတယ်၊ ဘယ်လိုဖြစ်ရင် မထိုးရဘူးဆိုတဲ့ စည်းကမ်းချက်မျိုး ဖြစ်ပါတယ်၊ ထိုးရမယ့်နေ့ကြရင် ဖြည့်ရမယ့် ဖောင်တွေလည်း အဆင်သင့်လုပ်ထားတယ်၊ မိဘတွေအနေနဲ့လည်း ဖောင်မှာ အမှား၊ အမှန်ခြစ်ပြီး ဖောင်လေးကို ဖြည့်ထားပေးရပါမယ်၊ ထိုးမယ့်နေ့ကြရင်လည်း တန်းစီဝင်လာတာနဲ့ သူ့ကျောင်းအလိုက် တန်းစီမယ်၊ အုပ်ထိန်းသူ မိဘတွေကိုတော့ မဝင်ခိုင်းထားပါဘူး၊ ဖောင်တွေဖြည့်တဲ့နေရာအထိ ဘဲဝင်လို့ရမယ်၊ အထဲမှာတော့ ဆရာမတွေက ကြီးကြပ်ပေးမယ်၊ ဆေးထိုးပြီးတာနဲ့ တန်းစီထိုင်ဖို့ နေရာ၊ မူးမော်လာတာမျိုးဖြစ်ရင် အိပ်ပြီး ခနစောင့်ကြည့်ဖို့ အခန်းတွေလည်း စီစဉ်ထားပါတယ်။

မေး။ ဆေးထိုးချိန်ကို ဘယ်အချိန်မှ ဘယ်အချိန်အထိ သတ်မှတ်ထားပါသလဲရှင်။

ဖြေ။ ဆရာမကြီးတို့အနေနဲ့ ဆေးထိုးချိန်ကို မနက် ၈နာရီခွဲမှ နေ့လယ် ၂နာရီထိ သတ်မှတ်ထားပါတယ်။

မေး။ ဆေးထိုးမှာနဲ့ ပတ်သက်ပြီး စတင်ထိုးနှံမယ့် အရေအတွက်လေးလည်း သိပါရစေရှင်-

ဖြေ။ ဆရာမကြီးကတော့ ပထမအကြိမ် ကာကွယ်ဆေးထိုးမယ်သူ (၁၀၇၈)ဦးရှိသော်လည်း ဆေးရရှိမှုပေါ် မူတည်ပြီး ပထမအကြိမ် (၂၆၆)ဦးသာ ထိုးနှံပေးမှာဖြစ်တဲ့အတွက် (၂၆၆)ဦးသာ ထိုးနိုင်တဲ့ ကလေးအင်အားကို စာရင်းပြုစုထားပေးပါတယ်။

မေး။ ကျောင်းတွေပြန်ဖွင့်တော့မယ်လို့ သိရတဲ့အတွက် ဆရာမကြီးတို့အနေဖြင့် မည်သို့ ပြင်ဆင် ဆောင်ရွက်ထားရှိပါသလဲရှင်-

ဖြေ။ မကြာခင်မှာ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အပူချိန် တိုင်းတာပေးခြင်းများ ၊ နှာခေါင်းစည်း (Mask) တပ်ဆင်လာစေခြင်းများ၊ ကလေးများ၏ အစားအသောက်များကအစ မိမိတို့ကိုယ်တိုင် ယူဆောင်လာစေခြင်းများကို စီစဉ်ဆောင်ရွက်ထားပါတယ်။

မေး။ ကျောင်းသားကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံရာတွင်လည်း အဆင်ပြေစေရေး ပူးပေါင်း ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း သိချင်ပါတယ်ရှင်-

ဖြေ။ ကာကွယ်ဆေးထိုးပေးရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုများ၊ ကျန်းမာရေး ဌာနရှိ ဆရာဝန်/ဆရာမများနှင့် သက်ဆိုင်ရာ ကျောင်းများရှိ ဆရာ/ဆရာမများ ပူးပေါင်း၍ ထိုးနှံပေးမှာဖြစ်ပါတယ် ။

မေး။ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ရင်တွင်းခံစားချက်ပီတိစကားလေး သိချင်ပါတယ် ရှင်-

ဖြေ။ ကာကွယ်ဆေးထိုးပေးမည် ဆိုတော့ ဆရာမကြီးတို့အနေဖြင့် အရမ်းကိုယ်ဝမ်းသာ ပီတိ ဖြစ်ရပါတယ် ဒီရောဂါကြီးကြောင့် ကျောင်းတွေပိတ်ထားရတာ ယခုထိဆို (၂)နှစ် နီးပါးရှိပြီ၊  ကလေးငယ်တွေ အတွက်လည်း ပြန်လည်စာသင်ယူခွင့်ရရှိမှာ ဖြစ်သည့်အတွက် အရမ်း ဝမ်းသာပါတယ် အသက်၁၂နှစ် အထက် ကျောင်းသားကျောင်းသူများ အနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းကိုယ် မပျက်မကွက် လာရောက်ထိုးနှံပေးကြဖို့ အကြုံပြုတိုက်တွန်းခဲ့ပြီး ကျောင်းသားကျောင်းသူ မိဘတွေကိုယ်လည်း ကာကွယ်ဆေးနှင့်ပတ်သကိ၍ အသိပေး နှိုးဆော်ထားသည့်အတွက် လာရောက်ထိုးနှံကြရန် အသိပေးချင်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်

လှလှထွေး(ပြန်/ဆက်)