ပင်းတယမြို့၌ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း တောင်သူအသိပညာပေး လက်တွေ့ပြသ

ပင်းတယ အောက်တိုဘာ ၁၄

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့စိုက်ပျိုးရေးရုံးဝင်း၌ အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ဆင်ခေါင်းရပ်ကွက်၊  စိုက်ပျိုးရေး ရုံးဝင်းရှိစိုက်ပျိုးခြံတွင် ယမန်နေ့က တောင်သူများအားအသိပညာပေး လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  ဦးစီးမှူးက အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ်ပြသခြင်း ရည်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်မြေအသုံးချရေး တာဝန်ခံက အီးအမ်ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်ပုံနည်းစနစ်အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။

ထို့အပြင် တောင်သူများအား စိုက်ပျိုးရန်အတွက်မြေဩဇာ ဈေးနှုန်းများကြီးမြင့်နေချိန်တွင် သဘာဝမြေဩဇာများကို ကိုယ်တိုင် ပြုလုပ်သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေသည့်အပြင် မိမိတို့ပိုင်သည့် လယ်၊ ယာ၊ ဥယျာဉ် ခြံမြေများ​၏ရုပ်ဂုဏ်သတ္တိ၊ ဒြပ်ဂုဏ်သတ္တိများ တိုးတက် လာမည်ဖြစ်ကြောင်း၊  အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်းကို တောင်သူများ လာရောက် လေ့လာနိုင်ပါကြောင်းနှင့် သိရှိလိုသည်များကိုလည်း မေးမြန်းနိုင်ပါကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက စနစ်တကျ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိုးထွေး