မင်္ဂလာတောင်ညွန့် အောက်တိုဘာ ၁၄
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အသက်(၁၂) နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးနှင့် ယခုလို တွေ့ဆုံမေးမြန်းထားပါတယ်-
မေး။ မင်္ဂလာပါရှင်။ ဆရာမကြီးရဲ့အမည်နဲ့ မြို့နယ်မှာ တာဝန်ယူဆောင်ရွက်နေတဲ့ အပိုင်းနဲ့ ပတ်သက်ပြီး သိပါရစေရှင်။
ဖြေ။ ကျွန်မကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းမြတ် ဖြစ်ပါတယ်။ မြို့နယ်ရဲ့ ပညာရေးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေမှာ စီမံဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
မေး။ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အသက်(၁၂)နှစ်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမယ့် ကျောင်းသား၊ ကျောင်းသူ ဘယ်လောက်ရှိသလဲ သိပါရစေရှင့်။
ဖြေ။ ဆရာမကြီးတို့မြို့နယ်မှာ ထက်၊ လယ်၊ မူ ကျောင်းအပ်နှံပြီးစာရင်း (၆၈၆) ဦးရှိပါတယ်။ ဒီအထဲမှာမှ ဆေးထိုးဖို့အမည်စာရင်းပြုစုတဲ့အခါမှာ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ အလယ်တန်း အဆင့်နဲ့ အထက်တန်း အဆင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေကတော့ မရှိပါဘူး။ ဆေးထိုးမယ့်ကျောင်းသား၊ ကျောင်းသူ (၆၃၃) ဦးရှိပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့အတွက် ဆရာမကြီးတို့ဘက်ကနေ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေလေးတွေနဲ့ ပတ်သက်ပြီး သိပါရစေရှင်။
ဖြေ။ ဆရာမကြီးတို့မြို့နယ်မှာ အရှေ့ခြမ်း၊ အလယ်ခြမ်းနဲ့ အနောက်ခြမ်းဆိုပြီး ပညာရေးဌာန အနေနဲ့ ပိုင်းခြားသတ်မှတ်ထားတာရှိပါတယ်။ ဒီဧရိယာအတိုင်းပဲ အရှေ့ခြမ်းမှာ စုရပ်(၁) အ.မ.က(၁၇) ၊ အလယ်ခြမ်း အနေနဲ့ အ.ထ.က(၁) ကို သတ်မှတ်ပါတယ်။ အနောက်ခြမ်းကိုတော့ အ.ထ.က(၃) မှာ သတ်မှတ်ထားပါတယ်။ ဆေးထိုးလုပ်ငန်းနဲ့ပတ်သက်ပြီး ညှိနှိုင်းအစည်းအဝေးတွေ ကိုလည်း အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ ကာကွယ်ဆေးကို ၁၆ရက်နေ့မှာ စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဆေးထိုးမယ့်နေရာတွေကိုတော့ အားလုံးပြင်ဆင် ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
မေး။ ကာကွယ်ဆေးထိုးတဲ့နေရာမှာ ပညာရေးဌာနနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေ ရှိရင်သိပါရစေ။
ဖြေ။ ပညာရေးဌာနနဲ့အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ Volunteer အဖွဲ့တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ Volunteer အဖွဲ့ထဲမှာတော့ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ ကြက်ခြေနီအသင်းအဖွဲ့တွေ ပါဝင်မှာ ဖြစ်ပါတယ်။
မေး။ ကလေးတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ လိုအပ်တယ်ဆိုတာကို ကလေးနဲ့ မိဘတွေ သိရှိအောင် အသိပညာပေးခြင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ပေးထားသလဲ သိပါရစေရှင်။
ဖြေ။ နှိုးဆော်မှုတွေ အများကြီး လုပ်ဆောင်ထားပါတယ်။ ကျောင်းပိတ်ထားတဲ့ကာလ ဖြစ်နေတဲ့အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေတစ်ဆင့် ရပ်ကွက်တွေမှာ လှည့်လည်ကြေညာတာတွေ၊ ဆရာမကြီးတို့ ဌာနကနေ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာတွေ ဗီနိုင်းထောင်ခြင်းတွေကို ဆောင်ရွက်ထားရှိပါတယ်။ ဆေးထိုးမယ့် ကျောင်းသား/ ကျောင်းသူတွေနဲ့ မိဘတွေကြိုတင်သိရှိဖို့၊ ကာကွယ်နိုင်ဖို့နဲ့ ထိုးသင့် မထိုးသင့် ချိန်ဆနိုင်ဖို့အတွက် အသိပညာပေး နှိုးဆော်ချက်တွေကိုလည်း ကြော်ငြာသင်ပုန်းတွေမှာ ကပ်ပေးထားပါတယ်။
မေး။ မကြာမီမှာလည်း အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ကျွန်မတို့ မြို့နယ်အနေနဲ့ ကျောင်းတွေပြန်ဖွင့်တဲ့အခါမှာ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းနဲ့အညီ ပြင်ဆင်ထားရှိမှု အခြေအနေကို သိပါရစေရှင်။
ဖြေ။ ဆရာမကြီးတိုကတော့ ကျောင်းတွေပိတ်ထားပေမယ့် ပိုးသတ်ဆေးဖြန်းတာတွေ၊ သန့်ရှင်းရေးလုပ်တာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ စာသင်ခုံတွေကိုလည်း သတ်မှတ်အကွာအဝေးအတိုင်း ချဲပေးထားပါတယ်။ လက်ဆေးဘေစင်တွေလည်း ဆောင်ရွက်ပေးထားပါတယ်။ ဆေးထိုးပြီးလို့ ကျောင်းတွေပြန်ဖွင့်တဲ့အခါအဆင်သင့် လက်ခံနိုင်အောင် ဆရာမကြီးတို့ဘက်က ပြင်ဆင်ထားပါတယ်။
မေး။ ကာကွယ်ဆေးမယ့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးမိဘတွေကို ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်လို့ တိုက်တွန်းလိုတာများရှိရင် သိပါရစေရှင်။
ဖြေ။ ရောဂါဆိုတာမမြင်ရတဲ့နေရာက လာတာဖြစ်တဲ့အတွက် ကာကွယ်ဆေးထိုးပြီး ကြိုတင် ကာကွယ်ခြင်းဖြင့် ကိုယ့်မှာ ရောဂါဖြစ်တာချင်းတူရင်တောင် ခံစားရတာ သက်သာပါတယ်။ ကလေးတွေက ကိုယ့်ကိုကိုယ် မဆုံးဖြတ်နိုင်ရင်တောင် မိဘတွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးကြဖို့ လိုပါတယ်။ ကာကွယ်ဆေးတွေ ထိုးနှံပြီးရင်တော့ ဒီရောဂါကနေ ကာကွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကာကွယ်ဆေးထိုးဖို့ကိုလည်း ဆရာမကြီး အနေနဲ့ တိုက်တွန်းလိုပါတယ်။
မေး။ ဟုတ်ကဲ့ရှင်။ ယခုလို ဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို ကျေးဇူးတင်ပါတယ်ရှင်
ချစ်စုဝေ