မောက်မယ် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ဦးဆောင်၍ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများပူးပေါင်းပြီး မိုးစပါးစိုက်ခင်းများအတွင်း သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာ စနစ်တကျ ရောစပ်သုံးစွဲခြင်း လက်တွေ့ပြုလုပ်နည်းသရုပ်ပြပွဲကို ယမန်နေ့(၁၀)နာရီအချိန်က မြို့မအုပ်စုကွင်းရှိ ဦးဆောန လယ်ကွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါသရုပ်ပြပွဲပြုလုပ်ရခြင်းမှာ ကိုဗစ် − ၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ယခုနှစ် မိုးရာသီ စပါးစိုက်ပျိုးရာသီတွင် ဓါတ်မြေသြဇာစျေးနှုန်းများ မြင့်မားနေ၍ တောင်သူများအပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းများကျဆင်းမှု မရှိစေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှု မရှိစေရေး၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ် လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဝန်ထမ်းများတို့က လက်တွေ့ ပြုလုပ်နည်းသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထိုသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)