တိုက်ကြီး အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင် ပွဲတော်ကာလများသို့ ရောက်ရှိတော့မည် ဖြစ်ပါသဖြင့် ယင်းကာလများကို အကြောင်းပြု၍ မီးရှူးမီးပန်းများ ဗြောက်အိုးများ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန် အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို တာဝန်ရှိသူများက ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် နိုင်ငံတော်၏ အရေးပေါ်ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းခြင်းကို မလိုလားသော နိုင်ငံရေးအစွန်းရောက်များ၊ အကြမ်းဖက် အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များသည် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် နေ့စဉ်ဖောက်ခွဲဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိပါသည်။ မကြာမီကာလတွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများ ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလကိုအကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အကြမ်းဖက်သမားများအနေဖြင့် ယင်းတို့ကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ၊ ရှူးဒိုင်းများ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေ များအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး တိုက်တွန်း နှိုးဆော်ထားပါသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ စီစဉ်ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုတို့မှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာ ဈေး၊ ကားဂိတ်တို့တွင် အများပြည်သူ သိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်