သင်္ဃန်းကျွန်း အောက်တိုဘာ ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ် ပြည့်ပြီး နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ်လ.ဝ.ကဦးစီမှူးဦးရဲထွန်းနှင့် ဝန်ထမ်းများက င/ကရပ်ကွက်၊ အ-မ-က(၁၃)ကျောင်းတွင် အောက်တိုဘာ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ (၂)ရက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင်သူများအား ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင် အောက်တိုဘာ ၁ ရက်နေ့မှ ယနေ့အထိ အသက်(၁၀)နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား (၇၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၅၄)ဦး၊ စုစုပေါင်း (၁၂၆)ဦးကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်လှုပ်ရှားမှုအဖြစ် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)