မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးများ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

မိတ္ထီလာ၊  အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်း စိုပြည်ရေးတို့အတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်းဖြင့်  မိုးစပါးများ လျာထားချက်ထက် ပိုမိုစိုက်ပျိုး နိုင်ကြောင်း  သိရသည်။

 

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသ ဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ လွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာမှ ယခုနှစ်တွင်  မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်း အမှတ်(၂) ရေတင် စခန်း(ကုန်းရွာ)၊ အမှတ် (၃) ရေတင်စခန်း (ခင်ကြီး)နှင့် Low Lift စသည့် ရေတင်စခန်း(၃)ခုဖြင့် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ဝမ်းတွင်းမြို့နယ် အတွင်းရှိကုန်းရွာ၊ ညောင်အုပ်ဖီး ၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန် ၊ ရေတွင်းကျေးရွာ အုပ်စုများရှိ ကျေးရွာများမှ ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။

       

ထိုသို့ မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် မိုးစပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ဆည်မြောင်း နှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ယခုနှစ်တွင် မိတ္ထီလာ လွင်ပြင်လျှပ်စစ် ရေတင်စီမံကိန်းဖြင့် မိုးစပါးစိုက်ဧက (၂၂၉၇) ဧကနှင့် အခြားသီးနှံစိုက်ဧက ၄၀၃ဧက တို့အား သတ်မှတ် လျာထားရာမှ မိုးစပါးစိုက်ဧက ၂၈၆၄ ဧက စိုက်ပျိုးနိုင်ခဲ့ သည့်အတွက် ယခုနှစ်တွင် မိုးစပါးစိုက်ဧက သတ်မှတ်လျားထားချက်ထက်  ပိုမိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)