မန်တုံ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်ရှိကုန်စုံဆိုင်၊ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ ယနေ့ညနေပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီအဖွဲ့နှင့်မန်တုံ ပြည်သူ့စစ် (ဌာနေ) ပူးပေါင်းအဖွဲ့က လိုက်လံ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ အဖွဲ့ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်း နှင့် ဌာနဆိုင်ရာများ၊ မန်တုံပြည်သူ့စစ်(ဌာနေ) ဒုခေါင်းဆောင် ဦးနိုင်ဝင်းထွန်းနှင့် ပူးပေါင်း အဖွဲ့က မြို့မရပ်ကွက်ရှိ အများပြည်သူသွားလာကြသည့် ကုန်စုံဆိုင်၊ ဈေးဆိုင်၊ စားသောက်ဆိုင် နှင့် ကွမ်းယာဆိုင်များအား ဆိုင်ရှေ့ခြောက်ပေအကွာ ကြိုးတန်း၍အဝင်ဝတွင် လက်ဆေးရည် (Hand Gel) များ ထားရှိစေရေး၊ ဈေးဝယ်သူနှင့် ရောင်းသူများလဲ နှာခေါင်းစည်း (Mask) တပ်ဆင်၍ ခြောက်ပေအကွာတွင် ပြောဆိုကာ ဈေးဝယ်/ရောင်းချ ပြုလုပ်စေရေး၊ လူစုလူဝေး မဖြစ်စေရေးနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဈေးရောင်းချမှုကို နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီထိသာ အချိန်သတ်မှတ် ရောင်းချစေရေးတို့ကို အသိပညာပေး၍ စစ်ဆေးမှာကြားခဲ့ကြသည်။
ထို့အတူ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကိုလည်းဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများ ခွင့်မပြုတော့ဘဲ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချစေရန် အသိပေး လမ်းညွှန်မှာကြားခဲ့ကြပြီး အဆိုပါ လမ်းညွှန်ချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသည့်ဆိုင်များအား တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အောက်တိုဘာ ၁၃ ရက်မှ အောက်တိုဘာ ၂၂ ထိ ကန့်သတ်ထားပြီးနေ့စဉ် ပူးပေါင်းအဖွဲ့မှအလှည်ကျ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ ပြန်/ဆက်