ဇေယျာသီရိ အောက်တိုဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ရှိ သူကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinovac) ကို ယမန်နေ့မှစတင်၍ ထိုးနှံလျက်ရှိရာ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေဆင်းအခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဒုတိယနေ့ဆက်လက်ထိုးနှံ လျက် ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေး လျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား/သူများ သည်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးမီ ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်းများ ပြုလုပ်ပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး နောက် ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။ ဇေယျာသီရိမြို့နယ်တွင် ပထမရက်တွင် ကျောင်းသားဦးရေ(၁၀၀)ဦး၊ ဒုတိယရက်တွင် ကျောင်းသားဦးရေ (၁၀၀)ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ (၂၀၀)ဦးအား ကိုဗစ်ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၂၇ ကျောင်းရှိပြီး ကျောင်းသားဦးရေ ၉၇၇၄ ရှိကာ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ တစ်နေ့လျှင် ဦးရေ ၁၀၀ နှုန်း ထိုးနှံသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့နောက်ပိုင်းရက်များတွင် တစ်နေ့လျှင် ၃၀၀ ဦးနှုန်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်ထံမှ သိရသည်။
အေးလင်းထွန်း