ပင်းတယ အောက်တိုဘာ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆေးထိုးအဖွဲ့များ ခွဲကာ၊ဆေးထိုးစုရပ်အလိုက် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိပြီး၊ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး၊ ပြန်လည်နေကောင်းကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံများ ယခုလိုဖော်ပြပေးလိုက်ရပါသည်။
ဦးအောင်ရဲခန့်
ကျွန်တော်နာမည် ဦးအောင်ရဲ့ခန့် ဖြစ်ပါတယ်၊ အသက်က (၂၅)နှစ် ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ရှမ်းရပ်ကွက်မှာ နေထိုင်ပါတယ်။ ကျွန်တော်နဲ့ အတူတူ အလုပ်လုပ်တဲ့တစ်ယောက်က နေမကောင်းဖြစ်လို့ ကိုဗစ်ရောဂါပိုး တွေ့ရှိတဲ့အကြောင်း ဖုန်းဖြင့်အကြောင်းကြား လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သံသယ ရှင်းသွားအောင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံမှာ COVID-19 RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိခဲ့ပါတယ်။ ကျွန်တော်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိ၍ ပင်းတယ မြို့နယ် မြို့နယ်ဓမ္မာရုံ၌ ဖွင့်လှစ်ထားတဲ့ Quarantine Center မှာ (၁၀) ရက် သွားရောက် ဆေးကုသမှု ခံယူခဲ့ပါတယ်။ စင်တာရောက်တော့ ကျွန်တော် ဖျားနာခြင်းတွေ မရှိခဲ့ပါဘူး၊ နှာချေတာ စဖြစ်တယ်၊ ဒါပေမဲ့ (၂) ရက်မြောက်နေ့မှာ အနံ့မရတာတွေဖြစ်လာတယ်။အနံ့လည်း (၃)ရက်လောက် ပျောက်သွားတယ်။အရသာကမပျက်ဘူး၊ကျွန်တော်ကိုယ်ကျွန်တော် စိတ်ကို ပျော်အောင်နေတယ်။ အစားအသောက်တွေစားတယ်။ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံက ပေးတဲ့ ဆေးတွေ မပျက်မကွက်သောက်တယ်။ အိပ်ရေးဝအောင် အချိန်မှန်အိပ်ပါတယ်။ အသက်ကိုလည်းဝအောင်ရှုတယ်။ပြီးတော့ ကျန်းမာရေးလေ့ကျင့်ခန်းလည်း ပြုလုပ်တယ်။ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေကလည်း ဖုန်းနဲ့ အားပေးစကား တွေပြောပေးကြတယ်။ စားစရာတွေလည်းလာပေးကြတယ်။ကျွန်တော်ကိုစိတ်ဓာတ်မကျဖို့ အားရှိအောင် အိပ်ရေးဝဝအိပ်၊အာဟာရပြည့်အောင်နေဖို့ တိုက်တွန်းကြပါတယ်။ ဒီလိုနဲ့ စင်တာမှာ (၁၀) ရက်ပြည့်အောင် ဆေးကုသမှု ခံယူပြီးကျွန်တော်အိမ်မှာ တစ်ယောက်ထဲ သီးသန့် (၁၀) ရက်ပြန်နေခဲ့တယ်။ ကျွန်တော်ကိုဗစ် ကာကွယ်ဆေးကတော့ မထိုးရသေးပါဘူး။ နောင်တချိန်ကျရင် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးမှာပါ။ အခုတော့ ကိုဗစ်ရောဂါ ဖြစ်ပွားပြီး ကာကွယ်ဆေးထိုးရန် ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ ရက်ပြည့်မှပဲထိုးရမှာပဲ ဖြစ်ပါတယ်။ကျွန်တော် ပြောချင်တာကတော့ ယခုအခါ နိုင်ငံတော်က မည်သူကို မဆို အသက် (၁၈) နှစ်ပြည့်ပြီးပါက ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ကျွန်တော်တို့ ပင်းတယ မြို့နယ်မှာလည်း ထို့အတူ ကိုဗစ်ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံကြဖို့ တိုက်တွန်း အပ်ပါတယ်။ဆေးထိုးထားပြီးသူ၊ဆေးမထိုးထားရသေးသူတို့အနေနဲ့ ရောဂါပိုး ကူးစက်ခံရပြီး လက္ခဏာ ခံစားရတဲ့ ဝေဒနာကို ကျွန်တော် မျက်စိနဲ့ ကိုယ်တွေ့ ကြုံခဲ့ရပြီး ဆေးထိုးထားခဲ့သူ အနေနဲ့ ရောဂါကူးစက်ခံရပါက ရောဂါရဲ့ဝေဒနာ ဘေးထွက် ဆိုးကျိုး ခံစားရမှုတွေက နည်းနိုင်တာကြောင့် ဆေးထိုးကြစေချင်ပါတယ်။ ယခုအသက်(၁၂)နှစ်အထက် ကလေးများကိုလည်း နိုင်ငံတော်အနေဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးပေးမယ်လို့ အစီအစဉ်ကို ကြားသိရတော့ ကလေးများအတွက် အတိုင်းမသိ၀မ်းသာပါတယ်။ ဒါမှ သူတို့ လေးတွေရဲ့ ပညာရေးကို ဆက်လက်သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား/ သူများကို ကာကွယ် ဆေးထိုးနှံနိုင်ရေး မိဘအုပ်ထိန်းသူများက ဝိုင်းဝန်ကူညီပေးကြစေ လိုကြောင်း ပြောကြား လိုပါတယ်။ မိဘပြည်သူများ အနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရန် ကြေညာချက်များကိုလည်း လိုက်နာ ကြပါလို့ ပြောကြားချင်ပါတယ်။ကျေးဇူးတင်ပါတယ် ခင်ဗျား။
ပင်းတယ (ဒေသပြန်/ဆက်)