ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ (ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ကျိုင်းတုံ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်  တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကျိုင်းတုံမြို့အား Stay at Home ကြေညာထား၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း အမြန်ဆုံးလျော့ချနိုင်ရေးနှင့် Stay at Home မြို့နယ်အဖြစ်မှ ပယ်ဖျက်နိုင်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ တိကျစွာကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်ချိန်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြိုးစားဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရောက်ရှိပါက ပြည်သူများအား အမြန်ဆုံး ထိုးနှံပေးရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့်တာဝန်ရှိသူများက ထိုင်းနိုင်ငံနှင့် လာအို နိုင်ငံများမှ ပြန်လာသည့် ပြည်တော်ပြန်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်း များနှင့်အညီ လက်ခံပြီး နေရပ်ဒေသအသီးသီးသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရေး ပို့ဆောင်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသအတွင်း ကုန်စည်စီးဆင်မှု ချောမွေ့စေရေးအတွက် ကျိုင်းတုံ-မိုင်းလား လမ်းပေါ်ရှိ ဝမ်တာပင်း စစ်ဆေး ရေး ပူးပေါင်းဂိတ်ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးနေမှုနှင့် ဝမ်တာပင်းဂိတ်တွင် ၆ ခန်းတွဲ ပူးပေါင်းရုံး တည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)