နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၃၆၉၄)ဦး ထိရှိလာပြီး (၃၃၃၂)ဦး ဆေးရုံဆင်းခွင့်ရရှိ

နောင်ချို အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်း ကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ထိ အတည်ပြုလူနာ (၃၆၉၄)ဦး ထိရှိလာပြီး (၃၃၃၂) ဦး ဆေးရုံဆင်းခွင့် ရရှိပြီးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး ကျန်ရှိဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများ သို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပြီးယမန်နေ့ကလူပုဂ္ဂိုလ် (၇၉) ဦးကို စစ်ဆေးခဲ့ရာ(၂၇) ဦးတို့တွင် ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ်အနေဖြင့် အောက်တိုဘာလ (၁၂) ရက်နေ့ထိ အတည်ပြုလူနာ (၃၆၉၄) ဦး၊ သေဆုံးသူ (၄၄) ဦး၊ ဆေးရုံ ဆင်းခွင့်ရရှိသူ (၃၃၃၂) ဦး၊ ကုသမှုခံယူနေဆဲ (၃၁၈) ဦးရှိကြောင်း၊ ပိုးတွေ့လူနာများ၏ နေအိမ်ပတ်ဝန်းကျင်များအား အသွားအလာ ကန့်သတ်ထားရှိ၍ လူမှုရေးအသင်းအဖွဲ့များမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါ အမြန်ဆုံးကွင်းဆက် ပြတ်တောက်နိုင်စေရန်ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)