လဲချားမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်မှုများအား သိရှိနိုင်ရန် မြို့နယ်လက်ထောက်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

လဲချား အောက်တိုဘာ ၁၃

မေး။ ဆရာကြီးရဲ့ အမည်နှင့်တာဝန်ကို မိတ်ဆက်ပေးပါရှင့်။

ဖြေ။ ကျွန်တော်နာမည်ကတော့ လဲချားမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကြာဖေ့ ဖြစ်ပါတယ်။

မေး။ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေကို ပြောပြပေးပါရှင့်။

ဖြေ။ လဲချားမြို့နယ်အတွင်း ၂၀၂၁ခုနှစ်၊ ဇွန်လမှ ဇူလိုင်လ ဒုတိယပတ်အထိ ကျောင်းများ ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအပ်နှံထားသည့် အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်အောက် ကျောင်းသား/ကျောင်းသူများ၏ တစ်ဦးချင်းမှတ်တမ်းများကို ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။

မေး။ လဲချားမြို့နယ်အတွင်းရှိ (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ ဦးရေစာရင်းကို ပြောပြပေးပါရှင့်။

ဖြေ။ ကျနော်တို့မြို့နယ်အတွင်းမှာ လက်ရှိကျောင်းအပ်နှံထားသူ အသက် (၁၂) အထက် ကျောင်းသား/ကျောင်းသူ ဦးရေ (၂၅၄) ဦး ရှိပါတယ်။

မေး။ ဆေးထိုးစုရပ်အနေဖြင့် ဆောက်ရွက်ထားရှိမှုကို ပြောပြပေးပါရှင့်။

ဖြေ။ ဆေးထိုးစုရပ်အနေဖြင့်  (၁) အလက -၁ကျောင်း၊ (၂) အထကခွဲ နောင်မိန်းကျေးရွာ၊ (၃) အလကခွဲ ဝမ်ကတ်ကျေးရွာ၊(၄) မူလွန် နောင်ကားကျေးရွာဆိုပြီး (၄)နေရာ ဆောင်ရွက်ထားပါ တယ်။

မေး။ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူတွေကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှာအပေါ် ပီတိစကားသံလေး ပြောကြားပေးပါရှင့်။

ဖြေ။  ဟုတ်ကဲ့ခင်ဗျာ၊ကျောင်းသား /ကျောင်းသူတွေဟာ ၂၀၂၀-၂၀၂၁ မှာ တစ်လလောက်ပဲ ကျောင်းများဖွင့်လှစ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများကိုပိတ်ခဲ့ရပါတယ်။ အခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာလဲ ယနေ့အချိန်ထိ ကျောင်းများကို ပိတ်ထားခဲ့ရသဖြင့် ယခုလို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြင့် ကလေးများ ပညာရေးကို စိတ်အေးချမ်းသာစွာဖြင့် ဆက်လက်သင်ယူနိုင်မည့်အတွက် ကျောင်းသား /ကျောင်းသူများ ကိုယ်စားကျွန်တော့်အနေဖြင့် ဝမ်းမြှောက်ဝမ်းသာဖြစ်မိပါတယ် ခင်ဗျာ။

တွေ့ဆုံမေးမြန်သူ - ဒေါ်ခင်လေးလေးယု (ပြန်/ဆက်)

သတင်းဓါတ်ပုံ      - လွှမ်းသူနောင် (လဲချား)