မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူ(၇၇၅၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

မိုးညှင်း အောက်တိုဘာ ၁၃

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ (၇၇၅၀)ဦးအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကာကွယ်ဆေးထိုးနှံရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းအမှုဆောင်များနှင့် ဆရာဆရာမများ၏ ဝိုင်းဝန်းကူညီမှုဖြင့် အထက(၁)မိုးညှင်း၊ အထကဟိုပင်၊ အထကနန်းမား၊ အထကမှော်ဟန်၊ အထကအင်းတော်ကြီးနှင့် အထကနန့်မွန်းစသည် နေရာ(၆)နေရာများ သတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့် ကျောင်း(၂၇)ကျောင်း၊ အခြေခံပညာအလယ်တန်းအဆင့် ကျောင်း(၂၆)ကျောင်းနှင့် အခြေခံပညာ မူလတန်း(လွန်)အဆင့် ကျောင်း(၁၈)ကျောင်းစသည် စုစုပေါင်းကျောင်း(၇၁)ကျောင်းတို့မှ ကျောင်းသား/ သူ(၇၇၅၀)ဦးအား သတ်မှတ်ထားသည့်နေရာများ၌ ကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဆွေထံမှ သိရှိရသည်။

 

ဇွဲသူရအောင်