ကျိုက်မရော အောက်တိုဘာ ၁၃
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင် ဦးဆောင်သောဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉နာရီအချိန် က လှကဇိုင်းကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင် က ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်များ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန်နှင့် ခရီးသွားလာရာတွင် အဆင်ပြေစေရန်၊ ဥပဒေအရ နိုင်ငံသားတိုင်း၏ အခွင့်အရေးတစ်ရပ်အနေဖြင့် အသိအမှတ်ပြု ကတ်တစ်မျိုးကို ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယခုလိုလာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် လှကဇိုင်းကျေးရွာရှိ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားကတ်မလုပ်ရသေးသူများအား စိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့်ပြီးသူများ၊ မှတ်ပုံတင်အသစ်လဲလှယ် ခြင်းများကို ပြုလုပ်ပေးရာတွင် အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၆၇)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခဲ့ပြီး အိမ်ထောင်စုစာရင်းမရှိသူ (၂၀)ဦးတို့အား အိမ်ထောင်စုစာရင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး