ဒဂုံ(အရှေ့) အောက်တိုဘာ ၁၃
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိစေရန် ရည်ရွယ်ပြီး ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းက အမှတ်(၁၃) ရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ သည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ရပ်ကွက်အတွင်း အသက်(၁၀)နှစ် အထက်ရှိသူများ၊ အသက်(၁၈)နှစ်မပြည့်သေးသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများကို နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ် ပေးခြင်း၊ အိမ်ထောင်စုစာရင်း မရှိသော မိသားစုများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် မြို့နယ်လ.ဝ.က ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၊ လူစည်ကားရာနေရာများတွင် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့'' ဗီနိုင်းပိုစတာများ ချိတ်ဆွဲ၍ ပြည်သူများ သိရှိနိုင်စေရန် ဆောင်လျက်ပေးလျက်ရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)