သာကေတမြို့နယ်အတွင်း အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ ပညာရေးဌာနအနေနဲ့ ဆောင်ရွက်ထားမှုအခြေအနေကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းနဲ့ တွေ့ဆုံမေးမြန်း

သာကေတ အောက်တိုဘာ ၁၃

မေး။     သာကေတမြို့နယ်အတွင်းအတွင်းရှိ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ မြို့နယ်ပညာရေးဌာနအနေနဲ့ ဆောင်ရွက် ထားရှိမှုများကိုသိပါရစေ။

ဖြေ။     အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ရပ်ကွက်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဆေးထိုးနှံနိုင်ရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ပြီးမှ သက်ဆိုင်ရာ စာသင်ကျောင်းတွေမှာ စာရင်းပေးဆောင်ရွက်ခဲ့ပါတယ်။ ရရှိလာတဲ့ကျောင်းအလိုက် စာရင်းတွေကို မြို့နယ်ပညာရေးမှူးရုံးမှ စာရင်းပြုစုထားရှိမှုအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရမယ့် စာရင်းကတော့ အခြေခံပညာ(၁၃)ကျောင်းက ကျောင်းသားဦးရေ ၂၂၁၃ ဦး၊ ကိုယ်ပိုင် အထက်တန်းကျောင်း(၇)ကျောင်းက ကျောင်းသားဦးရေ (၂၃၀)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း(၄)ကျောင်းက စာသင်သား (၁၆၉)ပါး စုစုပေါင်း(၂၆၁၂) ဦးရှိပါတယ်။

မေး။     သာကေတမြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံမယ့် စုရပ်တွေ ကိုလည်း သိပါရစေရှင့်။

ဖြေ။     အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ အ.ထ.က(၁)၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်းတို့မှာ စုရပ်အဖြစ် သတ်မှတ်ပြီးတော့ ထိုးပေးသွားမှာပါ။ အ.ထ.က(၁)စုရပ်မှာ အခြေခံပညာကျောင်း(၇) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း၊ အ.ထ.က(၂)စုရပ်မှာ အခြေခံပညာ ကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ဆေးထိုးနှံ ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်ရှင်။

မေး။     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ သာကေတမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်ရှိမှုမရှိရလေအောင် စီစဉ်ဆောင်ရွက်ထားမှုကိုလဲ သိပါရစေ ဆရာမကြီးရှင့်။

ဖြေ။     သာကေတမြို့နယ်မှာရှိတဲ့ ရပ်ကွက်(၁၉)ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ နှိုးဆော်ရုံသာမက သက်ဆိုင်ရာစာသင် ကျောင်း ကြေညာဘုတ်မှာ ကြေညာတဲ့အပြင် သက်ဆိုင်ရာ ဆရာ၊ ဆရာမများကလည်း အသိပေးနှိုးဆော်ဆောင်ရွက်ကြပါတယ်။ သက်ဆိုင်ရာကျောင်း အသီးသီးမှ ဆရာ၊ ဆရာမတွေက ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးနှံနိုင်ဖို့ စာရင်းပေးနိုင် ရေးအတွက် မနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ စာရင်းရယူနိုင်ရေးကိုလည်း ဆောင်ရွက် ပါတယ်၊။

မေး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘပြည်သူတွေကို အကြံပြုချင်တဲ့စကားလေး ပြောကြားပေး ပါ ဆရာမကြီးရှင့်။

ဖြေ။     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ တွေအားလုံးကို မဖြစ်မနေ ထိုးနှံစေချင် ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ရောဂါကာကွယ်ဆေး မထိုးရသေးတဲ့လူတွေထက် ရောဂါကိုပိုမို ကာကွယ်နိုင်လို့ ပညာရေးကို ပိုမိုလေ့လာသင်ယူနိုင်မှာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံကြဖို့ တိုက်တွန်းပါတယ်ရှင်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)