ကျိုင်းတောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် အနာဂတ်ပန်းများပွင့်လန်းဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြစို့ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း (တုန်ဟုန်း) စာသင်ကျောင်း၌ ကျောင်းသားမိဘများထံ လက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အသက်(၁၂)နှစ်ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည့် အကြောင်းအရာများ၊ ကာကွယ်ဆေး၏ သာမန်နောက်ဆက်တွဲပြဿနာများ၊ ကာကွယ်ဆေးနှံရန် သင့်/ မသင့် ရောဂါအခံရှိသူများ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးအကြံဉာဏ်ယူနိုင်ရန် စသည့်အချက်အလက်များ ပါဝင်သည့် စာစောင်များကို ဖြန့်ဝဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျိုင်းတောင်းမြို့အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးနန်းဝင်း၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ ကျေးအုပ်ချုပ် ရေးမှူးတို့ပူးပေါင်း၍ ကျောင်းသားမိဘများအား လက်ကမ်းစာစောင်တွင် ပါဝင်သည့် အကြောင်း အရာများကို ရှင်းလင်းဆောင်ရွက်ခြင်း၊ ကိုဗစ်- ၁၉ ရောဂါ အကြောင်းသိကောင်းစရာများ၊ ကျောင်းနေရွယ်ကလေးများကို မဖြစ်မနေ ကာကွယ်ဆေးထိုးနိုင်စေရန် စသည့်အကြောင်းအရာ များကို အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)