ကျိုင်းတောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Hand speaker ဖြင့် အသိပညာပေးနှိုးဆော်

ကျိုင်းတောင်း အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပျံ့ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အမှတ်(၂)ရပ်ကွက်သို့ ဒေသခံပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များကို Hand speaker ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင် သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ်ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည် ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာ တွင် နေထိုင်ပေးကြရန်၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက် များကို ပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တို့ကို ရပ်ကွက်အတွင်းလှည့်လည်ကာ Hand speaker အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကျိုင်းတောင်း(ပြန်/ဆက်)