ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်

ဆီဆိုင် အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်မှုလျော့နည်းစေရေးအတွက် မိဘပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များ၊ ညွှန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ကာ မြန်မာ၊ ပအိုဝ်း နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ရာတွင် ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး နှင့် ဝန်ထမ်းများက တတ်နိုင်သမျှအိမ်တွင်း၌သာ နေထိုင်ပါ၊ အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့် အိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ(သို့မဟုတ်) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို တပ်ဆင်ထားပါစေ၊ လေဝင်လေထွက် ကောင်းသည့်နေရာတွင်နေပါ၊ မဖြစ်မနေအပြင်ထွက်ရ ပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကိုစနစ်တကျ ဆေးကြောပါ၊ အခြားသူများနှင့် ၆ ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင် လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျတပ်ဆင် ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန် ရောက်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန်သတိပြုပါ၊ အသုံးပြုပြီးသောနှာခေါင်းစည်း (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ/ကိုယ်လက် သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ် ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည်မိမိအတွက် အကောင်းဆုံး ဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာပါ၊ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့် စနစ်တကျ ပါဝင်ပူးပေါင်းပေးကြပါရန် စသည့် ဆောင်ရန်၊ ရှောင်ရန်အချက် များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် Hand Speaker လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)