ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၆)ဦးထပ်မံစစ်ဆေးတွေ့ရှိ

ကာလိ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ၊ ကာလိမြို့တိုက်နယ်ဆေးရုံ၌ အောက်တိုဘာ လ ၁၂ ရက်နေ့ မွန်းလွှဲပိုင်း (၃)နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၆)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာ ကာလိမြို့၊ အမှတ်(၁)ရပ်ကွက်နေ အသက်(၉၂)နှစ်၊အမျိုးသမီးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ကာလိမြို့တိုက်နယ်ပြည်သူ့ဆေးရုံ၌ Test Kit ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ၍ ၎င်းနှင့်ထိတွေ့ဆက်စပ်ခဲ့သည့် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၈)ဦးတို့အား ထပ်မံစစ်ဆေးခဲ့ရာ အမျိုးသား(၃)ဦး၊အမျိုးသမီး(၂)ဦး စုစုပေါင်း(၅)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိပြီး ကျန်အမျိုးသားတစ်ဦးနှင့်အမျိုးသမီးနှစ်ဦး စုစုပေါင်း(၃)ဦး တို့အား ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ(၆)ဦးတို့အား ကွန်ဟိန်းမြို့နယ် ၊ ကာလိမြို့ တိုက်နယ်ဆေးရုံ ၊ အထူးကုသဆောင်၌ ဆေးကုသမှုခံယူလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသူ (၃)ဦးတို့အား မိမိနေအိမ်၌ Stay at Home နေထိုင်စေပြီး ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိ သူများတို့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီထံမှသိရသည်။

ကျော်(ကာလိ)