နမ္မတူမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ပတ်သက်ပြီး မြို့နယ်ဒုတိယပညာရေးမှုးနှင့် တွေ့ဆုံမေးမြန်းခြင်း

မေး။ ဆရာကြီး အမည်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကို မိတ်ဆက်ပေးပါဦးရှင့်။

ဖြေ။ ကျွန်တော်အမည်က ဦးလင်းအောင်ပါ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဖြစ်ပါတယ်။

မေး။ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ကာကွယ်ဆေးထိုးနှံပေးတဲ့ရည်ရွယ်ချက်ကတော့ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာ ကျောင်းသား/ ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး သေဆုံးမှုကိုလျှော့ချရန်နှင့် ကျောင်းသား/ ကျောင်းသူများမှတစ်ဆင့်  မိသားစုနှင့်ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန်ပွားမှုကို တားဆီရန်ဖြစ်ပါတယ်။

မေး။ နိုင်ငံတော်ရဲ့အစီအစဉ်အရ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်နဲ့ပတ်သက်ပြီး ဆရာကြီးတို့ရဲ့ ဆောင်ရွက် ထားရှိမှုကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ကျွန်တော်တို့ပညာရေးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူကျန်းမာရေး ဌာနနှင့် ပရဟိတအသင်းအဖွဲ့တွေ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ရပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူဦးရေစာရင်း ကောက်ယူတာတွေနဲ့ အမည်စာရင်းပြုစုတာတွေကို တာဝန်ယူဆောင်ရွက်ပေးရပါတယ်။

မေး။  ကာကွယ်ဆေးထိုးဖို့ရန်အတွက် စာရင်းကောက်ယူထားရှိမှု အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူဦးရေကို သိပါရစေရှင့်။

ဖြေ။ ကျွန်တော်တို့အနေနဲ့ အသက် (၁၂)နှစ်နှင့်အထက် အလယ်တန်း ကျောင်းသား/ ကျောင်းသူ  (၆၄၁)ဦးနဲ့ အထက်တန်း ကျောင်းသား/ကျောင်းသူ (၂၃၄)ဦး၊ စုစုပေါင်း အသက် (၁၂)နှစ် နှင့်အထက် ကျောင်းသား/ကျောင်းသူ (၈၇၅)ဦးအား စာရင်းကောက်ယူ ထားရှိပါတယ်။

မေး။   အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံပေးတဲ့ ရက်မှာ လာရောက်ဖို့ရာအတွက် အသိပေးချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။ ဒီနေ့ဆေးရောက်တယ် နောက်နေ့ဆေးထိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါတယ်။ ဆေးထိုးမယ့်စုရပ်က တစ်နေရာတည်းဖြစ်တဲ့အတွက် သက်ဆိုင်ရာကျောင်းတွေကို အသိပေး စုရပ်ထားပြီး ခေါ်ယူထိုးနှံနိုင်ရေး ဆောင်ရွက်ထားပါတယ်။

မေး။   ဆရာကြီးအနေနဲ့ ကျောင်းသား/ကျောင်းသူမိဘတွေနဲ့ ကျောင်းသား/ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံနိုင်ရေး ဘယ်လိုများ တိုက်တွန်းပြောကြားချင်ပါသလဲရှင့်။

ဖြေ။ အဲ့တာကတော့စောစောက ရည်ရွယ်ချက်ထဲမှာ ပြောထားတဲ့အတိုင်း ကိုဗစ် ကာကွယ်ဆေး ထိုးနှံထားတဲ့အတွက် ကလေးတွေလည်းပညာသင်ယူနိုင်မယ်၊ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးမှုနှုန်းတွေလည်း လျော့ချနိုင်မယ်လို့ နားလည်အောင် သူတို့ကို ရှင်းပြပြီးတော့ စည်းရုံးဆောင်ရွက် ထားပါတယ်။

မေး။ မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်ဖြစ်မယ်ဆိုရင် ဆရာကြီးတို့အနေနဲ့ ကျောင်းဖွင့်လှစ် နိုင်ရေး          စီစဉ်ဆောင်ရွက်မှုကိုလည်း ပြောကြားပေးပါဦးရှင့်။

ဖြေ။ အဲ့တာကတော့ ကျွန်တော်တို့သက်ဆိုင်ရာကျောင်းတွေအကုန်လုံးကို မကြာမီ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရင် Ready ဖြစ်နိုင်အောင်လို့ အကြောင်းကြားထားပါတယ်။ ဒီကိုဗစ်-၁၉ ရောဂါနဲ့ပတ်သတ်လို့ (၆)ပေအကွာနေရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ သူတို့ကို သတ်သတ်မတ်မတ်ဖွင့်လှစ်နိုင်အောင်စီစဉ်ဆောင်ရွက်ဖို့၊ ဥပမာ- လိုအပ်ချက်တွေရှိတဲ့ လက်ဆေးဘေစင်၊ Mask၊ လက်သန့်ဆေးရည်၊ လက်ဆေးဆပ်ပြာတို့ ပြည့်စုံအောင်ထားရှိဖို့ ကျောင်းသန့်ရှင်းရေးကအစစီစဉ်ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

မေး။ ကျောင်းသား/ကျောင်းသူမိဘများနှင့် ကျောင်းသား/ကျောင်းသူများ သိရှိဖို့ရာအတွက် ကာကွယ်ဆေးထိုးနှံခြင်းမပြုရန် ဂရုပြုရမည့် အချက်များကိုလည်း ပြောကြားပေးပါဦးရှင့်

ဖြေ။ ကာကွယ်ဆေးထိုးနှံခြင်းမပြုရန် ဂရုပြုရမည့်အချက်ကတော့ အသက် (၁၂)နှစ် မပြည့်သေးသူ များနှင့် ကာကွယ်ဆေး (သို့မဟုတ်) ကာကွယ်ဆေးတွင်ပါဝင်သည့် ဓါတ်ပစ္စည်း တစ်ခုခုနှင့် ဓါတ်မတည့်သူများ ဖြစ်ပါတယ်။ ယာယီမထိုးနှံပေးရမယ့် ကျောင်းသား/ကျောင်းသူ တွေကတော့ လတ်တလောဖျားနာနေသူများ၊ ဆီးချိုရောဂါ၊ အတက်ရောဂါ၊ ဦးနှောက် အာရုံကြော ရောဂါတစ်ခုခုရှိသူများနဲ့ မိသားစုဝင်များတွင် အဲ့ဒီရောဂါရှိသည့် ကျောင်းသား/ ကျောင်းသူများ၊ သွေးဥမွှားလျှော့နည်းနေသူများနဲ့ သွေးမတိတ်ရောဂါရှိသူများ၊ ခန္ဓာကိုယ် ခုခံအားစနစ် အားနည်းနေသူများ (ဥပမာ- ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အေအိုင်ဒီအက်စ် ရောဂါ) ရှိသူများတို့ဖြစ်ကြောင်း ကျောင်းသား/ကျောင်းသူမိဘတွေကိုလည်း ကြိုတင်ပြီး အသိပေးထားပါတယ်။

မေး။ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကိုလည်း ပြောပေးပါဦးရှင့်။

ဖြေ။ ကိုဗစ်-၁၉ရောဂါစတင်ပြန့်ပွားပြီးတဲ့နောက်ပိုင်းမှာ ကျောင်းတွေလည်းပိတ်ထားတာ (၂)နှစ်ရှိနေပြီ အခုဒီလိုကာကွယ်ဆေးတွေ ထိုးပေးပြီး ကျောင်းဖွင့်မယ်ဆိုရင် ကလေးတွေ ပညာသင်ယူခွင့် အခွင့်အလမ်းတွေ ပွင့်လန်းလာတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတာပေါ့ဗျာ။

တွေ့ဆုံမေးမြန်းသူ - ခိုင်ဇာထွန်း (ပြန်/ဆက်)

ပေးပို့သူ- လူမော် (ပြန်/ဆက်)