ဒဂုံဆိပ်ကမ်း၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း ခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ Mr. DANIEL၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှုးဦးဇော်မျိုးထိုက်တို့က အသင်းခွဲရုံးအဆောက်အဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပြီး အသင်းခွဲဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်ကျော်မျိုးမှ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်းသိရသည်။
ထို့နောက် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အသင်းခွဲမှ ဖွင့်လှစ်ထားသည့် ကြက်ခြေနီ အထွေထွေရောဂါကု(အခမဲ့) ဆေးခန်းတွင် ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသော အသင်းဝင် ဆရာဝန်များ၊ ကူညီဆောင်ရွက်ပေးနေကြသော အသင်းဝင် ကြက်ခြေနီတပ်ဖွဲ့ဝင် စေတနာ့လုပ်အားရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ကြက်ခြေနီ အသင်းခွဲအနေနှင့်ယခုလက်ရှိဖြစ်ပေါ်နေသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ပြည်သူများသို့ အသိပညာပေးခြင်းလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး အရေးပေါ် ရှေးဦးပြုစုနည်း အခြေခံသင်တန်းများ၊ သာမာန်သင်တန်းများ၊ နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပြီး ပြည်သူလူထုအတွက် ပထမအကြိမ် ဆန်ပေးဝေခြင်း၊ အခြေခံလူတန်းစားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ ဆက်လက်၍ အခြေခံလူတန်းစား ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နှင့် ပူးပေါင်း၍ ဒုတိယအကြိမ်ဆန်ပေးဝေခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာနဌာန ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် ကော်မတီဝင်များ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် အရာရှိများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ပရဟိတလူမှုရေး အဖွဲ့အစည်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြိုးစန္ဒာကျော် (ပြန်/ဆက်)