တံတားဦး အောက်တိုဘာ ၁၃
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသိပညာပေးပိုစတာကို အ.ထ.က တံတားဦးကျောင်းတွင် စိုက်ထူကြောင်းသိရသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် အသက်(၁၂)နှစ်အထက်၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ် ဆေးထိုးနှံခြင်းဖြင့် လွှမ်းခြုံအပ်သော အနာဂါတ်ပန်းခင်းများ ဆီသို့ဟူသော ရည်ရွယ်ချက်ဖြင့်လည်းကောင်း ၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြစို့ ဟူသော ဆောင်ပုဒ်ဖြင့်လည်းကောင်း ဒေသတွင်းနိုင်ငံများတွင် ကျောင်းသား ၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်မှု အခြေအနေတို့ဖြင့် အသိပညာပေးပိုစတာများ ကိုစိုက်ထူကြသည် ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အဖွဲ့(၄)ဖွဲ့ဖွဲ့စည်းထားပြီး ကာကွယ်ဆေး ထိုးနှံရန်(၄)နေရာခွဲကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမည့် နေရာများကတော့ အ.ထ.က၊ တံတားဦး၊ အ.ထ.က ချောင်းခွကျေးရွာ၊ အ.ထ.က တောင်ပြုံးကျေးရွာ၊ အ.ထ.ကမြေငူကျေးရွာတို့ ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် အသက်(၁၂)ထက် ကျောင်းသား၊ ကျောင်းသူများနှင့် အသက်မပြည့်သေး သူ ကျောင်းသား၊ ကျောင်းသူ စာရင်းများ ပြုစုဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ အသိပညာပေး ဆိုင်းဘုတ်များကို ဆေးထိုးစုရပ်များတွင် အသီးသီးစိုက်ထူကြောင်း မြို့နယ်ပညာရေးမှူး ဦးကျော်ကျော်မွန် ထံမှသိရသည်။
တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၇) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၅)ကျောင်းတို့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အပ်နှံထား သော အထက်တန်းကျောင်းသား၊ ကျောင်းသူ( ၇၉၇ )ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ( ၃၂၀၅ )ဦး၊ စုစုပေါင်း ( ၄၀၀၂ )ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး)