ဒဂုံဆိပ်ကမ်းမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်‌အေးမာလွင်နှင့် တွေ့ဆုံမေးမြန်း

ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၁၃

မေး- ဆရာမကြီးရဲ့အမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူး/တာဝန်ကို သိပါရစေရှင်။

ဖြေ- ကျွန်မနာမည်ကတော့ ဒေါ်‌အေးမာလွင်ပါ ဒဂုံဆိပ်ကမ်းမြို့နယ်ပညာရေးမှူးဖြစ်ပါတယ်။

မေး- နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိလိုပါတယ်ရှင်။

ဖြေ- အသက်(၁၂)နှစ်ပြည့်ပြီး အထက်တန်း၊ အလယ်တန်း ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ကျွန်မတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကကော၊ တိုင်းပညာရေးရုံးကပါ ညွှန်ကြားချက်တွေရောက်ရှိ လာပါတယ်။ အဲ့ဒါကြောင့်မို့ ကျွန်မတို့ကလည်း မြို့နယ်အတွင်းမှာရှိတဲ့ အကျုံးဝင်သည့် အခြေခံပညာကျောင်းများကို ကျွန်မအနေနဲ့ ကာကွယ်ဆေးထိုးနှံဖို့အတွက် ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကျောင်းလာအပ်နှံထားတဲ့ ကျောင်းသား/ သူဦးရေစာရင်းကို အခြေခံပြီးတော့မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးတွေကို စာရင်းပြုစုထားခိုင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ ပညာရေးဌာနှင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ ပူးပေါင်းပြီး အစည်းအဝေးများပြုလုပ်ကာ ကာကွယ်ဆေးထိုးပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါတယ်။

မေး- ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်တွင်းရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ဘယ်ရက်လောက်မှစတင်၍ ထိုးပေးမှာဖြစ်လဲဆိုတာနှင့် ထိုးပေးမည့် အချိန်ကာလ လေးလဲ သိပရစေရှင်။

ဖြေ- ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၁၄-၁၀-၂၀၂၁ ရက်နေ့တွင် စတင်ထိုးနှံပေးမှာဖြစ်ပြီး သတ်မှတ်ရက်တွေကတော့ (၁၄၊ ၁၅၊ ၁၆၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅) ရက်နေ့တွေမှာ ထိုးပေးမှာဖြစ်ပါတယ်။

မေး- ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်နေရာတွေလဲ သိပရစေရှင်။

ဖြေ- ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကာကွယ်ဆေး ထိုးပေးမည့်စုရပ်တွေကတော့ အ.ထ.က(၁)၊ အ.ထ .က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.မ.က(၇)၊ အ.လ.က ခွဲကျီစု အ‌ရှေ့ရွာနှင့် အ.ထ.က ခွဲ သရက်ပင်ချောင် ကျောင်းတို့ဖြစ်ပါတယ်။

မေး- ဆရာမကြီး အနေနဲ့ ကာကွယ်ဆေးထိုးပေးမည့် ကျောင်းသားမိဘများကို ဘာများ ပြောပြချင်ပါသလဲရှင်။

ဖြေ- ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ လူတိုင်းထိုးသင့်တဲ့ဆေး ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာ၊ အန္တရာယ်ကင်းကင်းနှင့် ကျောင်းတက် နိုင်ရေးအတွက် ကျောင်းသားမိဘများ မိမိ၏သားသမီးများကို ကိုဗစ်-၁၉ ကာကွယ်‌ဆေး သွားရောက် ထိုးကြပါလို့တိုက်တွန်း ချင်ပါတယ်။

ယခုလို ဖြေကြားပေးတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

လဲ့လဲ့(IPRD)