ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ကျိုင်းတုံမြို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ အဖွဲ့ဝင်များ ပြည်နယ် ခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

ကျိုင်းတုံ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယမန်နေ့နံနက် (၁၁) နာရီက ပြည်နယ်ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်/ ခရိုင် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော် ဝန်ကြီးချုပ် ၏ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဝိုင်းဝန်းထိန်းသိမ်း ပေးကြရန်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများ လျော့နည်းကျဆင်းလာသည်ကို တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကင်းဝေး ပပျောက်ပြီးအချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးစက် PCR စက်များ အမြန်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာပြည်နယ် အဆင့်ကျန်းမာရေး ဌာနကို ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ရှမ်းရှေ့ဒေသသည် နိုင်ငံတော်အကြီးအကဲများ စိတ်ဝင်စားသည့် ဒေသများ ဖြစ်ပါကြောင်း၊ အခြေခံပညာသင်ကြားနေသည့် အသက်(၁၂)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရန် ဆောင်ရွက်ပေးကြရန် မှာကြား လိုပါကြောင်း၊ ယနေ့တက်ရောက်လာကြသည့် ဌာနဆိုင်ရာများကလည်း ရှမ်းရှေ့ဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆွေးနွေး ကြိုးစားပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုနှုန်း လျော့ကျလာမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများ ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ အဖွဲ့ဝင်များမှ CCTV တပ်ဆင်ရေး၊ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါ ကူညီဆောင်ရွက်နေသူများအတွက် နေ့တွက်စားစရိတ်များ၊ လမ်းကိစ္စရပ် များ ကျိုင်းတုံမြို့ နောင်တုံကန်ရေသန့်ရှင်းရေးကိစ္စရပ်များ အထွေထွေဆွေးနွေးကြပြီး ဆွေးနွေး တင်ပြချက်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းက ပြန်လည်ဖြည့်စွက် ဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ အလေအလွင့်မရှိအောင် ဆောင်ရွက်ပေးကြရန်လယ်ယာမြေ ကိစ္စရပ်များ သေချာစိစစ်ပေးရန်စိုက်ပျိုးရေး မွေးမြူရေးကိစ္စရပ်များ ဆောင်ရွက်ပေးကြရန် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန် မှာကြားချက်များကို နိဂုံးချုပ်စကား၌ ပြောကြား သွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)