သထုံခရိုင်အတွင်း အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား စုရပ်ပေါင်း ၃၀ ခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်

သထုံ      အောက်တိုဘာ       ၁၃

 

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်လေးခုတို့တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အသီးသီးတို့ရှိ အခြေခံပညာ ကျောင်းများ၌ ဆေးထိုးစုရပ်ပေါင်း ၃၀ ဖွင့်လှစ်ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

"မြို့နယ်လေးမြို့နယ်မှာတော့ မြို့နယ်ပညာရေးမှူးတွေရဲ့အစီအစဉ်နဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ စုရပ်တွေ ခွဲထားပါတယ်။ ကျိုက်ထိုမှာ အားလုံး စုရပ် ၇ ခုရှိတယ်၊ ဘီးလင်းမှာဆိုရင် စုရပ် ၁၀ ခု၊ သထုံမှာ စုရပ် ၅ ခု၊ ပေါင်မြို့နယ်မှာတော့ စုရပ် ၈ ခုခွဲထားပါတယ်" ဟု ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ပြောသည်။

 

သထုံခရိုင်အတွင်း အသက်(၁၂)နှစ်အထက် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူ စာရင်းရှိအားလုံး (၈၁၀၃၇) ဦးရှိသည့်အနက် လာရောက်အပ်နှံသူ (၂၈၀၆၈) ဦး၊ တက်ရောက်သည့်အရေအတွက်မှာ (၂၇၈၉၇) ဦး ရှိကြောင်း ကာကွယ်ဆေးဆေးထိုးနှံရာ၌ မိဘများ၏ သဘောတူညီမှုကိုရယူပြီးမှသာလျှင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သထုံခရိုင်အတွင်း ကျိုက်ထိုမြို့နယ်တွင် အထက(ကျူချောင်)၊ အထက(ကင်မွန်းချောင်း)၊ အထက(၁)ကျိုက်ထို၊ အထက(၂)ကျိုက်ထို၊ အထက(ကျိုက္ကသာ၊ အထက(စစ်တောင်း)နှင့် အထက(သိမ်ဇရပ်)၊ ဘီးလင်းမြို့နယ်တွင် အထက(ဘီးလင်း)၊ အထက(ဒေါက်ရပ်)၊ အထက(ကန်သာယာ)၊ အထက(ဇုတ်သုတ်)၊ အထက(ရွှေလှေ)၊ အထက(အလူးလေး)၊ အထက(တောင်စွန်း)၊ အထက(ကင်းရွာ)၊ အထက(ငါးဘတ်ချောင်)နှင့် အထက(ကဇိုင်း)၊ သထုံမြို့နယ်တွင် အထက(၁)သထုံ၊ အထက(၂)သထုံ၊ အထက(ကျိုက္ကော်)၊ အထက(မရမ်းကုန်း)နှင့် အထက(ကြာပန်း)၊ ပေါင်မြို့နယ်တွင် အထက(သဲကုန်း)၊ အထက(ရင်းငြိမ်)၊ အထက(ဇင်းကျိုက်)၊ အထက(ပေါင်)၊ အထက(နတ်ကြီးချောင်)၊ အထက(မုတ္တမ)၊ အထက(သဲအိမ်)နှင့် အထက(အလှပ်) ကျောင်းတို့၌ ဆေးထိုးစုရပ်များပြုလုပ်ထားပြီး အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

 

 

ကိုကိုဦး(ပြန်/ဆက်)