ချောင်းဆုံ အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်ပြီး အောက်တိုဘာလ (၁၁)ရက်နေ့ မွန်းလွဲ (၂)နာရီ က ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် (ပြန်/ဆက်)ဦးစီးမှူး ဒေါ်မိသူဇာ က ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ မေးမြန်း ရာ မြို့နယ်ပညာရေးမှူး ဦးသိန်းဟန် က ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်စာရင်း ကောက်ယူမှုအခြေအနေ ကျောင်းသားမိဘများအား အသိပေးထားမှုအခြေအနေ ဆေးထိုးနှံမည့် ကျောင်းသားဦးရေ၊ ပညာရေးဌာနရှိ ဆရာ/ဆရာမများ ဆေးထိုးနှံပြီးစီးမှုအခြေအနေနှင့် ကျောင်းများယာယီပိတ်ထားပြီး ပြန်လည်ဖွင့်လှစ်ပါက ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပေးခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံ ပေးမည့် ကျောင်းသားဦးရေမှာ (၅၃၄၆)ဦးရှိပြီး သတ်မှတ်ထားသည့် ကျောင်း(၃၃)ကျောင်းရှိ ကျောင်းများအား စုရပ်(၁၄)နေရာထားပြီး ကျန်းမာရေးဌာနမှ ဆေးထိုးအဖွဲ့ (၅)ဖွဲ့ဖြင့် အောက်တိုဘာ (၁၆)မှ (၂၁)ရက်နေ့အထိ ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ချောင်းဆုံ