ကျိန္တလီမြို့တွင် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

 

ကျိန္တလီ   အောက်တိုဘာ  ၁၂

 

ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အမှတ်(၃)ရပ်ကွက် တောင်သူ ဦးသိန်းဝင်း၏ ဦးပိုင် အမှတ် (၈၉/၁) ၊ ကွင်းအမှတ်(၂၆၂) စိုက်ကွင်းတွင် အောက်တိုဘာ ၁၂ နံနက် ၈ နာရီအချိန်က EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ လက်တွေ့ပြုလုပ်နည်း သရုပ်ပြပွဲကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ ကျိန္တလီမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးတင်မောင်မြင့်က ယခုနှစ် ဆောင်း သီးနှံစိုက်ပျိုးရာသီတွင် ဓါတ်မြေသြဇာဈေးနှုန်းများ မြင့်မားနေ၍ တောင်သူများ အပြည့်အဝမသုံးစွဲနိုင် ခြင်းကြောင့် အထွက်နှုန်းများကျ ဆင်းမှုမရှိစေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေး ၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ်လျော့ ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝ ပတ်ဝန်း ကျင်ကို ထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်ချက်ဖြင့် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းနှင့် EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာကို တစ်ဧကလျင် စပါးခွံ(၂)အိတ် ၊ မြေပဲခွံ(၂)အိတ် ၊ ဖွဲနု(၂၀)တောင်း ၊ နွားချေ(၄)အိတ် ၊ EMအပြင်း(၁၅၀) စီစီ ၊ တင်လဲရည်(၁၅၀)စီစီ ၊ ရေ(၂၀)လီတာတို့ပါဝင်ရမည့်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။

 

အဆိုပါ နည်းပညာလက်တွေ့သရုပ်ပြပွဲသို့ ကျိန္တလီမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက EM ဘိုကာချီ သဘာဝဓါတ်မြေသြဇာ ပြုလုပ်နည်းစနစ်များကို လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြပြီး တောင်သူများ ပါဝင် တက်ရောက်ခဲ့ကြောင်းသိရသည်။

 

ခိုင်မိုးမင်း(ပြန်/ဆက်)