ပန်းတနော် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်(၉) ရပ်တို့ကို မူဝါဒအဖြစ် ချမှတ်ခဲ့ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်၊ အစိုးရအနေနဲ့လည်း ပြည်သူအားလုံး စားဝတ်နေမှုဖူလုံရေး၊ ကျေးလက်မြို့ပြဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှု လျှော့ချနိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါတယ်။ ယခု (၆)လ စီမံကိန်းကို နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ပြီး ပြည်သူတို့ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်ကြောင်း ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာလုပ်ငန်းများ (၆)လတာအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ တာဝန်ယူဆောင်ရွက်မည့် လယ်ယာကဏ္ဍ၏ စီမံကိန်းတာဝန်များ၊ သားငါးကဏ္ဍ၏ စီမံကိန်းတာဝန်များ၊ သတ္တုကဏ္ဍ၏ စီမံကိန်းတာဝန်များ၊ လျှပ်စစ်ကဏ္ဍ၏ စီမံကိန်းတာဝန်များ၊ ဆက်သွယ်ရေးကဏ္ဍ၏ စီမံကိန်းတာဝန်များ၊ ငွေရေးကြေးရေးကဏ္ဍ၏ စီမံကိန်တာဝန်များစသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ဌာနများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဗိုလ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇေယျာမြင့်၊ အဖွဲ့ဝင်( ၂)ဦးသိန်းဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ပန်းတနော်မြို့နယ်တွင် လုပ်ငန်းစီမံကိန်းနှင့် ဒေသန္တရ စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းတာဝန်များ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။