လင်းခေး အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်ကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း အဖွဲ့သည် ယနေ့နံနက် ၇ နာရီက “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး လက်ကမ်း စာစောင်များကို လင်းခေးမြို့၊ မြို့မဈေး၊ ယာယီပျံကျဈေးနှင့် အများပြည်သူ သွားလာလှုပ်ရှား လျက်ရှိသော နေရာများတွင် ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်၌ “အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်” “အခြေခံပညာ ကျောင်းသား ကျောင်းသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်” နှင့် ကျောင်းသား ကျောင်းသူများမှတဆင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်” ဟူသော ရည်ရွယ်ချက်များ ပါရှိသည်။
၎င်းအပြင် ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ယာယီ မထိုးနှံပေး ရမည့် ကျောင်းသား၊ကျောင်းသူများ Sinovac ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြဿနာ များနှင့် ပတ်သက်သည့် အသိပညာပေး အချက်အလက်များ၊ ကျောင်းနေအရွယ် ကလေးများ အား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် ဒေသတွင်းနိုင်ငံ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း တို့ကိုလည်း ဖော်ပြပါရှိထားကြောင်း၊ စောင်ရေ (၃၀၀) စောင်အား ပြည်သူ တစ်ဦးချင်း လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)