မောက်မယ် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်း စီမံချက်ဥပဒေနှင့်အညီ ဒေသခံ တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အားလုံး ရရှိစေရန်ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးလွင်က ဦးဆောင်၍ ဝန်ထမ်းများတို့မှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက စျေးဆိုင်များနှင့် မင်းလမ်းတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပြည်သူများ ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေး၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ရုံးဝန်ထမ်းများက ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးမည့် အခြေအနေများအကြောင်း၊ ပြည်သူများလာရောက်လျှောက်ထားရာတွင် လိုအပ်သည့် စာရွက် စာတမ်း အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် အသက်အရွယ် ကန့်သတ်ချက်များနှင့် လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး နေမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်( မောက်မယ်)